သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစုရှယ်ယာဈေးတွေ ထိုးကျ


အမေရိကန်သမ္မတ Donald Trump က Amazon အွန်လိုင်းဈေးကွက်ကို နောက်ထပ် တိုက်ခိုက်ပြောဆိုမှုတွေလုပ်ခဲ့တာနဲ့ ကုန်သွယ်ရေးစစ်ပွဲ စတင်လာတဲ့အနေအထားမှာ အမေရိကန်ရဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့်တာနဲ့ ပတ်သက်ပြီး တရုတ်က အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ပြီး ပြန်တုံ့ပြန်ခဲ့တဲ့ နောက်မှာ အမေရိကန်ရဲ့ စတော့ရှယ်ယာဈေးကွက်ဟာ တနင်္လာနေ့မှာပဲ နောက်တခါထပ်ပြီး ထိုးကျခဲ့ပါတယ်။

Dow Jones ဈေးက ဈေးပိတ်ချိန်မှာ ၅၈၉ ပွိင့် ကျခဲ့တာမို့ ၁.၉ ရာနှုန်း ကျဆင်းသွားတာပါ။ S&P အညွှန်းကိန်းကလည်း ၅၀၀ ကျပြီး ၂.၃ % ကျဆင်းခဲ့သလို NASDAQ ကလည်း ဈေးပိတ်ချိန်မှာ ၃ ရာခိုင်နှုန်းလောက်ကျသွားပါတယ်။

သမ္မတ Trump ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ Amazon ကို ၃ ကြိမ်လောက် ဝေဖန်ပြစ်တင်ခဲ့တာပါ။ Amazion တည်ထောင်သူ Jeff Bezos ဟာ The Washington Post သတင်းစာကိုပါ ပိုင်သူဖြစ်ပြီး အဲဒီသတင်းစာက Trump နဲ့ သူ့အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး ရေးသားတဲ့ သတင်းတွေဟာ Trump ကို မကြာခဏပဲ ဒေါသထွက်စေတာ ဖြစ်ပါတယ်။

Amazon ရဲ့ ကြီးမားတဲ့ ဈေးကွက်က အသေးစားလုပ်ငန်းရှင်တွေ အတွက် ထိခိုက်စေတယ်လို့ သမ္မတ Trump က ဝေဖန်ခဲ့သလို Amazon မှာ မှာယူတဲ့ပစ္စည်းတွေကို စားသုံးသူတွေ လက်ထဲပို့ပေးတဲ့ အမေရိကန် စာပို့လုပ်ငန်းကိုလည်း Amazon က အခကြေးငွေပေးဆောင်မှု သိပ်ကို နဲပါးတဲ့ အတွက် အစိုးရဝင်ငွေ ဒေါ်လာသန်းရာနဲ့ချီ နစ်နာတယ်လို့ ပြောခဲ့တာပါ။ Amazon အပေါ် Trump ရဲ့ ပြောဆိုတိုက်ခိုက်မှုတွေ စတင်ခဲ့ချိန်ကစပြီး Amazon ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃၇ ဘီလျံလောက် ဆုံးရှုံးခဲ့ရ ပါတယ်။

ဒါ့အပြင် တနှစ်အတွက် ကုန်သွယ်ငွေ ဒေါ်လာ ၃ ဘီလျံဖိုးလောက်ရှိတဲ့ အမေရိကန်တင်ပို့ကုန် ၁၂၈ မျိုးအတွက် တရုတ်က အခွန်တိုးကောက်မယ်လို့ ကြေညာခဲ့တာမို့ ရင်းနှီးမြှုပ်နှံသူတွေ ကိုစိုးရိမ်လာစေတာပါ။ ဒေါ်လာ ဘီလျံ ၅၀ လောက်တန်တဲ့ တရုတ်သွင်းကုန်တွေအပေါ် Trump အစိုးရအဖွဲ့က အခွန်တိုးကောက်ဖို့ လုပ်တာကို တရုတ်က ပြန်တုန့်ပြန်ခဲ့တာဟာ စီးပွါးရေးမှာ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ နိုင်ငံကြီး ၂ နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲဖြစ်လာမယ့် အရိပ်လက္ခဏာအဖြစ် စိုးရိမ်နေကြတာဖြစ်ပါတယ်။

အမေရိကန် အစုရှယ်ယာဈေးတွေ ထိုးကျ
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG