သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ကိုင်ဆောင်ခွင့်ပြန်သုံးသပ်ဖို့ ကန် ကျောင်းသားတွေ ဆန္ဒပြ


သေနတ်နဲ့ ပစ်ခတ် အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး့အမေရိကန် ပြည်ထောင်စု တဝန်း ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ချီတက်တောင်းဆို။ ( အမေရိကန် လွှတ်တော်ရှေ့ တောင်းဆိုပွဲ) ( မတ် ၁၄-၂၀၁၈)
သေနတ်နဲ့ ပစ်ခတ် အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး့အမေရိကန် ပြည်ထောင်စု တဝန်း ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ချီတက်တောင်းဆို။ ( အမေရိကန် လွှတ်တော်ရှေ့ တောင်းဆိုပွဲ) ( မတ် ၁၄-၂၀၁၈)

သေနတ်နဲ့ ပစ်ခတ် အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တောင်းဆိုတဲ့ အနေနဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု တဝန်းမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ချီတက်ခဲ့ကြပါတယ်။ ဖလော်ရီဒါ ပြည်နယ် Parkland က ကျောင်းမှာ ပစ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ရမှု အပြီး တလ အကြာ ကျောင်းတွေရဲ့ အောက်မေ့ သတိရခြင်းနဲ့ သပိတ်မှောက် ချီတက်ပွဲတွေကို ဗွီအိုအေ သတင်းထောက် Mike O’Sullivan က သတင်းပေးပို့ထားပါတယ်။ မသိဂီ ၤထိုက် ပြောပြပေးမှာပါ။

နယူးယောက်မြို့က လမ်းတွေပေါ်မှာ ကျောင်းသားတွေ စုဝေးခဲ့ကြပါတယ်။ ကျောင်းသူ Keziya Smith ကတော့

"ကျောင်းသားတွေ နေ့စဉ်ဆိုသလို သေဆုံးနေကြပြီး ဘယ်သူမှလည်း အရေးတယူ မလုပ်ကြပါဘူး။ ဒါကို မကြိုက်ပါဘူး။ တော်လောက်ပါပြီ။"

အတ္တလန္တာမှာလည်း … ကျောင်းသူ Eternity Chappel က

"သေနတ် ရောင်းချမှု ထိန်းချုပ်ဖို့နဲ့ သေနတ်နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့ တိုက်နေတာပါ။"

Oakland မှာတော့ ကျောင်းသူ ကျောင်းသားတွေက မိန့်ခွန်းတွေ၊ ဂီတတွေနဲ့ ဖလော်ရီဒါမှာ သေဆုံးခဲ့ရသူတွေ အတွက် အောက်မေ့သတိရခဲ့ကြပါတယ်။

Oakland က ကျောင်းသား Solomon Smith ကတော့

"ဝမ်းကွဲ အကို တဦးလည်း သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။ သူက လမ်းလျှောက် သွားခဲ့တာပါ။ သူငယ်ချင်း Davon လည်း သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။ သူ့အကြောင်း ပြောခဲ့ဆိုခဲ့ကြပါတယ်။ သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ မသန်စွမ်းဖြစ်သွားတဲ့ မိသားစုဝင်တွေလည်း ရှိပါတယ်။"

Illinois ပြည်နယ် Ottawa က ကျောင်းမှာတော့ ဖလော်ရီဒါမှာ သေဆုံးခဲ့ရသူ ၁၇ ဦး အတွက် အောက်မေ့ ဂုဏ်ပြုပွဲတခုကို လုပ်ခဲ့ပါတယ်။ ဒါက နိုင်ငံရေး အခမ်းအနား တခု မဟုတ်သလို သေနတ်ပိုင်ရှင်တွေကို ဆန့်ကျင်တာလည်း မဟုတ်ဘူးလို့ ကျောငးသားတွေက ပြောကြပါတယ်။ ကျောင်းသား တဦး ဖြစ်တဲ့ Brett Gallagher က အခုလို ပြောပါတယ်။

"ကျောင်းတက်နေကြသူတွေ စိတ်ချလုံခြုံမှု ရှိစေဖို့ကို ကျနော်တို့က ဝိုင်းဝန်း ကြိုးစားနေတာ ဖြစ်ပါတယ်။"

အကြမ်းဖက်မှုတွေကို ဘယ်လို အဆုံးသတ်နိုင်မလဲ။ ကျောင်းသား တချို့ကတော့ ဖလော်ရီဒါမှာ သုံးခဲ့တဲ့ တိုက်ခိုက်ရေးသုံး စွမ်းအားပြင်းတဲ့ လက်နက်မျိုးတွေကို တားမြစ်စေချင်ကြပါတယ်။ တချို့ကတော့ သေနတ် ဝယ်ယူခွင့် အတွက် အသက်ကန့်သတ်ချက်ကို တိုးမြှင့်စေချင်ကြသလို လက်နက်ကိုင် ကျောင်းလုံခြုံရေး ရဲတွေ ပိုပြီး ခန့်ထားပေးဖို့ ဒါမှမဟုတ်လည်း လက်နက်ကိုင်တဲ့ ဆရာတွေ ခန့်ထားပေးစေချင်ကြပါတယ်။ စိတ်ထဲမှာ ရှိတဲ့ အတိုင်း ဆွေးနွေး ငြင်းခုံနေကြပေမယ့်လည်း တခုခုတော့ လုပ်ကြရမယ်လို့ ကျောင်းသားတွေက ပြောဆိုကြပါတယ်။ အတ္တလန္တာက ကျောင်းသား Devin O. Nealshaw ကတော့

"အပြောင်းအလဲ မလုပ်ဘူးဆိုရင် ဒါက ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ ဒီလိုဘဲ ဖြစ်နေမှာပါ။ ပစ်ခတ်မှု အကြောင်းကြားရမယ်၊ အဲဒီကိစ္စ ဝမ်းနည်းပက်လက် ဖြစ်ကြမယ်၊ ဒီလိုဘဲ ဆက်သွားနေမှာပါဘဲ။"

သေနတ် ကိုင်ဆောင်ခွင့် ကိစ္စကြောင့် တက်ကြွလှုပ်ရှားသူ ဖြစ်လာခဲ့တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်က ကျောင်းသူ Kendall Prime ကတော့

"ပြည်နယ် အမတ်တွေ အနေနဲ့ ကျမတို့ လိုလားချက်တွေကို သိရှိစေချင်တယ်။ Parkland က ပစ်ခတ် ရန်မူခံရသူတွေကို ကြည့်ပြီး သူတို့ ထုတ်ဖော် တောင်းဆိုကြတယ်၊ ဖလော်ရီဒါ ပြည်နယ်တွင်းမှာ ဥပဒေပြုရေး လှုပ်ရှားမှုကြီး တခုကို ဆောင်ရွက်ခဲ့ကြတယ်။ ဒီအချက်ကြောင့်ဘဲ ကျမ အနေနဲ့ ကိုယ့်ရဲ့ ပြောရေးဆိုခွင့်ကို သုံးဖို့ တွန်းအားဖြစ်စေခဲ့တာပါ။"

တချို့ကတော့ ကျောင်းသားတွေ ဘေးကင်းလုံခြုံရေးကို အလေးပေးပြောဆိုကြတာပါ။ ကျောင်းသားတွေက အပြောင်းအလဲတွေကို ဖော်ဆော်နိုင်တယ်လို့ ရှုမြင်ကြသူတွေလည်း ရှိပါတယ်။ နယူးယောက်က ကျောင်းသူ Marian Jones ကတော့

"လူငယ်တွေ အနေနဲ့ ပြောခွင့်ဆိုခွင့် ရှိတယ်ဆိုတာကို သိရှိနားလည်ထားကြပြီး ကျမတို့ ကြီးပြင်းလာတဲ့ခြားနားတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်တဲ့ နေရာမှာ ဒီပြောရေးဆိုခွင့်ကို သုံးနိုင်မှာ ဖြစ်ပါတယ်။"

ကျောင်းသား မျိုးဆက်သစ် တခုရဲ့ အားမာန်သစ်နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

အခုလို ဖလော်ရီဒါပြည်နယ် Parkland ကျောင်းပစ်ခတ်မှုကြောင့် ၁၇ ဦးသေဆုံး ခဲ့ရတဲ့အပေါ်၊ သေနက်ကိုင်ဆောင်ခွင့်ကို ပြန်လည်သုံးသပ်တင်းကြပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ အမေရိကန်တလွှား ကျောင်းတွေမှာ မနေ့က ဖြစ်ခဲ့ရာမှာ ၊ အမေရိကန်ရောက် မြန်မာမိသားစုက သားသမီးတွေလည်း ပါဝင်ကြပါတယ်။ ဖလော်ရီဒါပြည်နယ် Parkland အနီးက Davies မြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ သမီးဖြစ်သူနှစ်ဦး အတွက် ဂုဏ်ယူမိတယ်လို့ ဖခင်ဖြစ်သူ ဦးကျော်မိုးသူက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ကျနော်သမီးက နှစ်ယောက်ပေါ့နော်။ တယောက်က တက္ကသိုလ်မှာ တယောက်က အလယ်တန်းကျောင်းမှာ တစ်ယောက် တစ်ကျောင်းစီပေါ့။ ကျောင်းတွေမှာ လုပ်တာ အလယ်တန်းကျောင်းမှာလည်း လုပ်ပါတယ်။ ကျောင်းသားတွေက ဦးဆောင်တာပါ။ ဆရာတွေမပါဘူး။ ကျောင်းထဲက အားကစားဝင်းထဲမှာပဲ လမ်းလျှောက်ပြီးတော့ ၁၇မိနစ်ကြာ ပြပြီးတော့ ပြန်ဝင်လာကြတယ် ဒါပါပဲ။ ကျနော်ကတော့ ကျောင်းသားတွေ ကလေးတွေ ဒီတိုင်းပြည်မှာ ခေါင်းဆောင်ရမယ့်သူ လူငယ်တွေက ဒီလိုဖြစ်သင့်တဲ့ဟာကို လုပ်တာဆိုတော့ ကျနော်ကတော့ သဘောကျပါတယ် အားလုံးကို ဂုဏ်ယူပါတယ် သူတို့လုပ်တာတွေကို။"

သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကြပ်ဖို့ အမေရိကန်တလွှားက ကျောင်းတွေမှာ မနေ့က ကျောင်းသားတွေ ဆန္ဒပြခဲ့ချိန်မှာပဲ၊ ဝါရှင်တန်ဒီစီက အထက်လွှတ်တော်မှာတော့ လွှတ်တော်တရားရေးကော်မတီက ဒီကိစ္စနဲ့ပတ်သက်လို့ ကြားနာပွဲလုပ်ခဲ့ပြီး ဒီလို ပစ်မခတ်မှုဖြစ်တာတွေကို အာဏာပိုင်တွေက ဘာကြောင့် အကာအကွယ် မပေးနိုင်ခဲ့သလဲဆိုတာ အဖြေရှာခဲ့ကြပါတယ်။ လွှတ်တော် အမတ်အချို့ကတော့ ဝါရှင်တန်ဒီစီက ကွန်ဂရက်ရှေ့အထိ လာရောက်ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ထွက်ပြီး အားပေးနှုတ်ဆက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG