သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cobra Gold မှာ မြန်မာနိုင်ငံ လေ့လာခွင့်ရဖို့ US ထောက်ခံ


Cobra Gold စစ်ရေးလေ့ကျင့်မှု
Cobra Gold စစ်ရေးလေ့ကျင့်မှု
နောင်နှစ်ကျင်းပမယ့် ထိုင်း၊ အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကို ဖိတ်ကြားဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ခံထားတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ George Litte ကပြောပါတယ်။ ဒါပေမယ့် ဒီဖိတ်ကြားချက်ကို အမေရိကန်နိုင်ငံကမဟုတ်ပဲ ထိုင်းနိုင်ငံက ဖိတ်ကြားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဘက်က သီးခြားအတည်ပြုချက်တော့ ထွက်မလာသေးပါဘူး။ နှစ်စဉ်ပြုလုပ်တဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သည် ထောင်ပေါင်းများစွာနဲ့အတူ ထိုင်းနဲ့ အာရှနိုင်ငံတချို့က တပ်မတော်တွေ ပူးတွဲပြီးတော့ ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

အခုလိုဖိတ်ကြားတာဟာ ၁၉၈၈ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဖြတ်တောက်မှုပြီးတဲ့နောက်ပိုင်းမှာမှ အမေရိကန် မြန်မာစစ်ရေး အရ ပူးတွဲပြီးတော့ ဆက်ဆံလာတဲ့ ပထမဦးဆုံး ခြေလှမ်းအဆင့်ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှု ဆင်နွှဲခဲ့တုန်းက အမေရိကန်တပ်သား တသောင်းခန့်၊ ထိုင်းတပ်သား သုံးရာခန့်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံက တပ်သားတွေ ပါဝင်ခဲ့ပါတယ်။ တရုတ်အပါအဝင် ၉နိုင်ငံကလည်း ဒီစစ်ရေးလေ့ကျင့်မှုကို လေ့လာသူတွေ စေလွှတ်ခဲ့ပါတယ်။

နောင်နှစ်ကျင်းပမယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာတော့ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား ၊ အင်ဒိုနီးရှား၊ မလေးရှားတို့ ပါဝင်မှာဖြစ်ပြီးတော့ လေ့လာသူနိုင်ငံ ၁၃နိုင်ငံ တက်ရောက်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG