သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးသစ်အမည် အိုဘားမားတင်သွင်း


ပြီးခဲ့တဲ့လအတွင်း ရုတ်တရက် ကွယ်လွန်သွားတဲ့ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး Antonio Scalia နေရာမှာ အစားထိုး ခံအပ်ဖို့အတွက် တရားစီရင်မှုတွေမှာ အလယ်အလတ် အယူဝါဒရှိသူ ဗဟိုအစိုးရ အယူခံတရားရုံး တရားသူကြီး Merrick Garland ကို သမ္မတ Barack Obama က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

ဒါပေမဲ့ ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်တဲ့ အထက်လွှတ်တော်မှာ တင်းမာမှုတွေ တိုးလာနေပြီး နိုင်ငံတော်တရားရုံးချုပ်မှာ အစားထိုး ခန့်အပ်မယ့် သမ္မတအိုဘားမား အမည်တင်သွင်းသူကို လက်ခံ တွေ့ဆုံမှာ မဟုတ်သလို သူ့ကို ရွေးချယ်ရေးအတွက် မဲခွဲဆုံးဖြတ်မှာလည်း မဟုတ်ဘူးလို့လည်း ပြောပါတယ်။

နောက်ဆုံး ရာထူးသက်တမ်းမှာ ရောက်နေတဲ့ အိုဘားမားအနေနဲ့ နိုင်ငံတော်တရားရုံးချုပ်ရဲ့ လစ်လပ်တဲ့နေရာ ခန့်အပ်မှုကို နောက်တက်မယ့် သမ္မတက ခန့်အပ်ခွင့် ပြုသင့်တယ်လို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်တွေက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းအထိ သမ္မတတာဝန်ကို ထမ်းဆောင်သွားမယ့် အိုဘားမားကတော့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးကို ရွေးချယ်ခန့်အပ်ဖို့ဟာ သူ့ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး၊ သူရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အတည်ပြုမယ့် ကြားနာစစ်ဆေးပွဲတွေကို ကျင်းပပေးဖို့က ရီပတ်ဘလစ်ကန်အများစု ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်တရားရုံးချုပ်ရဲ့ လစ်လပ်တဲ့နေရာ ခန့်အပ်မှုအတွက် အခုလို အခြေအတင် အငြင်းပွားမှု ဖြစ်ရခြင်းက - ခန့်အပ်ခံရမယ့် တရားသူကြီးသစ်အနေနဲ့ နိုင်ငံတော်တရားရုံးချုပ်မှာ သဘောထား ပွင့်လင်းမှုနဲ့ ရှေးရိုးဆန်တဲ့ အယူဝါဒ ကွဲပြားမှုတွေအကြား ချိန်ခွင့်လျှာ ညှိပေးနိုင်မယ့် အရေးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ တရားသူကြီး Antonio Scalia ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် နိုင်ငံတော်တရားရုံးချုပ်မှာ မူလက ၉ ဦးရှိရာကနေ လက်ရှိမှာ ၈ ဦးပဲ ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG