သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထောက်လှမ်းရေး အကြမ်းဖက်ကြံစည်မှု ၆၀ ခန့် ဟန့်တားနိုင်ခဲ့


အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အကြီးအကဲ ဗိုလ်ချုပ်ကြီး Keith Alexander
အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အကြီးအကဲ ဗိုလ်ချုပ်ကြီး Keith Alexander
အမေရိကန်အစိုးရရဲ့ အငြင်းပွားစရာ စောင့်ကြည့်ထောက်လှမ်းတဲ့
အစီအစဉ်ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းကနိုင်ငံပေါင်း ၂၀
ကျော်မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှု လေး ငါး ခြောက်ဆယ် လောက်ကို လက်ဦးမှုယူ တားဆီးနိုင်ခဲ့တယ်လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေ က ပြောပါတယ်။ ဘယ်လို ကြိုတင်ကြံစည်မှုတွေလဲ၊ ဘယ်နိုင်ငံတွေနဲ့ ပတ်သက်နေသလဲ ဆိုတဲ့ နောက်ထပ်အချက်တွေကိုတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။

ထောက်လှမ်းမှု အစီအစဉ်တွေဟာ ထိရောက်ပါတယ်ဆိုတာ ပြသဖို့ နောက်ထပ် အချက်အလက်တွေ ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေ က တောင်းဆိုခဲ့ပြီးနောက် လျှို့ဝှက်မှုအဆင့်ကို လျှော့ချထားတဲ့ အချက်အလက်တွေကို ထောက်လှမ်းရေး အေဂျင်စီတွေက စနေနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစီရင်ခံစာတွေထဲမှာ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံထဲက တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းပေါင်း သန်းနဲ့ချီကို ရယူခဲ့ကြောင်းနဲ့၊ အဲဒီထဲမှာမှ ဖုန်းဆက်သွယ်မှု ၃၀၀ အတွက် ဆက်သွယ်သူတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေကို စုံစမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အကြီးအကဲ ဗိုလ်ချုပ်ကြီး Keith Alexander က ကြိုတင် တားဆီးနိုင်ခဲ့တယ် လို့ ဆိုတဲ့ ကြိုတင်ကြံစည်မှုပေါင်း ဒါဇင်နဲ့ချီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လျှို့ဝှက်မှုအဆင့်ကို လျှော့ချဖို့ လုပ်နေပါတယ်လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့ရဲ့ စောင့်ကြည့် ထောက်လှမ်းတဲ့ အစီအစဉ်ဟာ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို အမေရိကန်ပြည်သူတွေကို ပြသဖို့ ခုလို ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်နေပေမဲ့ အမေရိကန်ရဲ့ အကြမ်းဖက်မှု တန်ပြန်ရေးအစီအစဉ်တွေ ကို ဖော်ထုတ်ပြရာ မရောက်အောင် အသေအချာ လုပ်လိုတယ်လို့ လည်း ပြောပါတယ်။ နိုင်ငံရပ်ခြား စောင့်ကြည့်ထောက်လှမ်းရေး အက်ဥပဒေအရ လျှို့ဝှက်တရားရုံးကနေ NSA ရဲ့ ထောက်လှမ်းမှု အစီအစဉ်တွေကို ရက် ၉၀ ကြာတိုင်းမှာ သုံးသပ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

စောင့်ကြည့် ထောက်လှမ်းတဲ့ အစီအစဉ်မှာရရှိတဲ့ ဖုန်းဆက်သွယ်မှု မှတ်တမ်းတွေမှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်မှုရှိမရှိ ဆိုတာအတွက် ဖုန်းဆက်တဲ့ အချိန်အခါနဲ့ ကြာမြင့်မှုကိုပဲ စစ်ဆေးလို့ရတယ်လို့ ပြောပါတယ်။ ရယူထားတဲ့ အချက်အလက် မှတ်တမ်းတွေကိုလည်း ၅ နှစ်တခါ ဖျက်ဆီးပစ်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG