သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွေအပေါ် အစိုးရ စောင့်ကြည့် ထောက်လှမ်းမှုတွေ လျော့နည်းလာ


NSA worker
NSA worker

အမေရိကန် ထောက်လှမ်းရေးဌာနတွေရဲ့ နိုင်ငံထဲမှာ စောင့်ကြည့်ထောက်လှမ်းခံရသူ အရေအတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သိသိသာသာ နည်းသွားတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ ထောက်လှမ်းရေးဌာနတွေရဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမျိုးသားထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အမေရိကန်ရဲ့ နိုင်ငံခြားထောက်လှမ်းစောင့်ကြည့်မှု ဥပဒေ FISA အရ အမေရိကန်နိုင်ငံသားတွေ၊ နိုင်ငံထဲမှာ တရားဝင် နေထိုင်နေသူတွေအပေါ် ထောက်လှမ်းမှုတွေ တဖြည်းဖြည်း နည်းလာနေတယ်လို့ ပြောထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း စောင့်ကြည့်ထောက်လှမ်းဖို့ ဒါမှမဟုတ် ရှာဖွေဖို့ တရားရုံးတွေက ခွင့်ပြုခဲ့သူ အမေရိကန် ၄၉ ယောက်သာ ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ၂၀၂၀ ခုနှစ်က ၁၀၂ ယောက်၊ ၂၀၂၁ ခုနှစ်က ၆၇ ယောက်ရှိခဲ့ရာက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ၅၀ အောက်အထိ နည်းသွားတာဖြစ်ပါတယ်။ ဒါတင်မက FISA ဥပဒေအရ အီလက်ထရောနစ် နည်းနဲ့ ထောက်လှမ်းခံရတဲ့ထဲပါလို့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ မေးခွန်းထုတ်ခဲ့ရသူ အမေရိကန်နိုင်ငံသား အရေအတွက်လည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူတွေ အခွင့်အာဏာသုံး စုပေါင်းထောက်လှမ်းမှုကတော့ ပြီးခဲ့တဲ့နှစ်ထဲ ပိုများလာတယ်လို့လည်း ထောက်ပြထားပါတယ်။ FISA ဥပဒေအရ အမျိုးသားလုံခြုံရေး နဲ့ ထောက်လှမ်းရေးဌာနတွေဖြစ်တဲ့ NSA နဲ့ FBI တို့က အမေရိကန်နိုင်ငံသား မဟုတ်သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရယူတာ၊ Electronic နည်းနဲ့ ထောက်လှမ်းတာတွေ လုပ်ခွင့်ပြုထားပါတယ်။

အဲဒီလို ထောက်လှမ်းမှုတွေကနေ တခါတရံ အမေရိကန် နိုင်ငံသားတွေကိုပါ ထောက်လှမ်းတာမျိုးတွေ ရှိတာကြောင့် လွှတ်တော်အမတ်တွေ၊ နိုင်ငံသားအခွင့်အရေး ဆောင်ရွက်တဲ့အဖွဲ့တွေက FBI ဟာ လုပ်ပိုင်ခွင့်အာဏာနဲ့ အချက်အလက်တွေကို အလွန်အကျွံ ရယူစုံစမ်းထောက်လှမ်းနေတယ်လို့ ထောက်ပြနေကြတာပါ။ FISA ရဲ့ အပိုဒ် ၇၀၂ ပါ ပြဌာန်းချက်နဲ့ ပစ်မှတ်ထား ထောက်လှမ်းခံရတဲ့ အမေရိကန် မဟုတ်သူ အရေအတွက်ကတော့ ပြီးခဲ့တဲ့နှစ်ထဲ သိသိသာသာ တိုးလာခဲ့တယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ဒီလို ထောက်လှမ်းခံသူ ၁ သောင်း ၃ ထောင့် ၆ သာ ရှိခဲ့ရာက ၂၀၂၂ ခုနှစ်ထဲမှာတော့ ၂ သိန်း ၄ သောင်း ၆ ထောင် အထိများခဲ့တယ်လို့ ထောက်ပြထားပါတယ်။

XS
SM
MD
LG