သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ထောက်လှမ်းရေး အစီအစဉ် ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချဖို့ကြိုးပမ်း


တရုတ်အင်တာနက်သတင်းဝဘ်ဆိုက်တခုမှာ ဖော်ပြထားတဲ့ အမေရိကန်ထောက်လှမ်းရေးဌာန ကံထရိုက်ဝန်ထမ်းဟောင်း Edward Snowden
တရုတ်အင်တာနက်သတင်းဝဘ်ဆိုက်တခုမှာ ဖော်ပြထားတဲ့ အမေရိကန်ထောက်လှမ်းရေးဌာန ကံထရိုက်ဝန်ထမ်းဟောင်း Edward Snowden
Electronic ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို အာမခံချက်ပေးတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မူကြမ်းတခု ရေးဆွဲနိုင်ဖို့ သူတို့ ကြိုးပမ်းနေတယ်လို့ ဂျာမဏီနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့က ပြောလိုက်ပါတယ်။

ဂျာမန်နဲ့ဘရာဇီး သံတမန်တွေဟာ ဥရောပနဲ့ တောင်အမေရိကနိုင်ငံတွေက သံတမန်တွေနဲ့ တွေ့ဆုံပြီး ဒီအရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ဆုံးဖြတ်ချက်မူကြမ်းရေးဆွဲရေးမှာပါဝင်နေတဲ့ ကုလသမဂ္ဂ သံတမန်တွေက ပြောပါတယ်။ ဒီဆုံးဖြတ်ချက်အရ အင်တာနက်ပေါ်က လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို အချက်အလက်တွေ ထပ်ဖြည့်မှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေလိုက်နာရမှာ မဟုတ်ပေမယ့် အမေရိကန်က လျှို့ဝှက်ထောက်လှမ်းနေမှုတွေကို သဘောမကျဘူးဆိုတာ ပြသကြတဲ့ သဘောလို့ ယူဆရပါတယ်။ နိုင်ငံခြားခေါင်းဆောင်တွေမပေါ် အမေရိကန်က စောင့်ကြည့်ထောက်လှမ်းတယ်ဆိုပြီး ဆက်တိုက် ထွက်လာတဲ့ သတင်းတွေကြောင့် အမေရိကန်ရဲ့ မဟာမိတ်တွေ အံ့အားသင့် ဒေါသထွက်ခဲ့ကြရပြီးနောက်မှာ အခုလို ဆုံးဖြတ်ချက်ချဖို့ လုပ်ဆောင်ကြတာပါ။


ဝန်ထမ်းထောင်း Edward Snowden ဖောက်ချလို့ အင်တာနက်တို့၊ တယ်လီဖုန်းတို့က ဆက်သွယ်မှုတွေကို စောင့်ကြည့် ထောက်လှမ်းတာ ပေါ်သွားတဲ့ ဖြစ်ရပ်မှာ အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့ NSA က အဓိက ပါဝင်နေတာပါ။ လျှို့ဝှက်အချက်အလက်တွေကို မစ္စတာ Snowden ဖောက်ချ လိုက်တာဟာ အမေရိကန်ထောက်လှမ်းရေးသမိုင်းမှာ ဒီလျှို့ဝှက် သိမ်းဆည်း ထားတဲ့ အချက်အလက် အများဆုံး ပေါက်ကြားသွားခဲ့ရတာပဲ ဖြစ်တယ်လို့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ထုတ်လွှင့်မယ့် တွေ့ဆုံမေးမြန်းခန်း တခုမှာ အမေရိကန် ဗဟို ထောက်လှမ်းရေး agency – CIA ရဲ့ ဒုညွှန်ကြားရေးမှူးဟောင်း Michael Morrell က ပြောထားပါတယ်။

အဲဒီထဲမှာ အထိခိုက်ရဆုံး အချက်ကတော့ အမေရိကန်က သူ့ရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေမှာ ငွေကြေးကို ဘယ်လို သုံးစွဲသလဲဆိုတာ အသေးစိတ်ပြောထားတဲ့ Black Budget ဆိုတဲ့ သတင်းအချက်အလက်တွေပဲ ဖြစ်တယ်လို့ Mr Morrell ကို CBS ရုပ်သံနဲ့ 60 Minutes အစီအစဉ်မှာ ပြောထားတာပါ။

ဒီပေါက်ကြားသွားတဲ့သတင်းအချက်အလက်တွေကနေ အကြမ်းဖက်သမားတွေ သိသွားတဲ့အရာတွေကြောင့် အမေရိကန်နိုင်ငံသားတွေအတွက် အန္တရာယ်ပိုများအောင် Mr. Snowden လုပ်လိုက်တယ်၊ အမေရိကန်က အဲဒီလိုမှမလုပ်ရင်လည်း လိုအပ်တဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ရမှာမဟုတ်ဘူးလို့ Mr Morrell ကပဲ ပြောသွားပါတယ်ရှင်။
XS
SM
MD
LG