သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တယ်လီဖုန်းမှတ်တမ်းတွေ လျှို့ဝှက်စုဆောင်းမှု တရားရုံးဆုံးဖြတ်ချက် အယူခံဝင်မည်


သန်းနဲ့ချီ အမေရိကန်နိုင်ငံသားတွေရဲ့ တယ်လီဖုန်းမှတ်တမ်းတွေကို လျှို့ဝှက်ရယူ စုဆောင်းထားတာဟာ ဖွဲ့စည်းပုံနဲ့မညီဘူးလို့ ဖက်ဒရယ်တရားသူကြီးတဦးက ဆုံးဖြတ်တဲ့အပေါ်မှာ အမေရိကန်အစိုးရဘက်က အယူခံမယ်လို့ မျှော်လင့်ရပါတယ်။ တရားသူကြီးရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန် ထောက်လှမ်းရေး အစီအစဉ်တွေရဲ့ တရားဝင်မှုနဲ့ပတ်သက်လို့
ငြင်းခုံဆွေးနွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အစီအစဉ်တွေကို ဖောက်ချခဲ့ပြီး ရုရှားမှာ နိုင်ငံရေး ခိုလှုံခွင့်ယူသွားတဲ့ အမျိုးသားလုံခြုံရေး ကန်ထရိုက်တာဟောင်း Edward Snowden ကတော့ ဒီဆုံးဖြတ်ချက်ကို ချီးကျူးလိုက်ပါတယ်။ ဒါပေမဲ့လည်း တရားရုံးတွေအနေနဲ့ နောက်ဆုံးကျရင်တော့ အစိုးရရဲ့ ထောက်လှမ်းရေး အစီအစဉ်တွေကို ဆက်ထားခွင့် ပေးနိုင်တယ်လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေကျွမ်းကျင်သူနှစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

တယ်လီဖုန်းမှတ်တမ်းတွေကို စုဆောင်းယူထားနိုင်တယ်ဆိုတဲ့ ၁၉၇၉ ခုနှစ် တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ ဆီလျော်မှု ရှိနေတုန်းပဲလို့ ဗာဂျီးနီးယားတက္ကသိုလ် အမျိုးသားလုံခြုံရေး ဥပဒေရေးရာဌာနက Robert Turner က ပြောပါတယ်။ ဒါပေမဲ့လည်း အဲဒီခေတ်ကာလတုန်းက လက်ကိုင်ဖုန်းတွေ မပေါ်သေးသလို၊ ကမ္ဘာတဝှမ်းမှာ အခုလို သုံးစွဲမှုတွေ ကျယ်ပြန့်လာမယ်ဆိုတာကိုလည်း မတွက်ဆနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ကိုလံဘီယာတက္ကသိုလ် ဥပဒေရေးရာကျောင်းက အမျိုးသားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ David Pozen ကလည်း တနင်္လာနေ့တုန်းက တရားသူကြီး Richard Leon ဆုံးဖြတ်ချက်အပေါ် အထက်တရားရုံးကနေ အတည်ပြုဖွယ်မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လို့ အမေရိကန်ထောက်လှမ်းရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့တော့ ဒီကိစ္စဟာ တရားဥပဒေကြောင်းဆိုင်ရာတွေမှာ စဉ်းစားစရာ ဖြစ်လာနိုင်တယ်လို့တော့ ဆိုပါတယ်။
XS
SM
MD
LG