ဆီးရီးယားနိုင်ငံအပေါ်ကို စောင့်ကြည့်ရေးလေယာဉ်တွေ စေလွှတ်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အမိန့်ပေးလိုက်တယ်လို့ အိမ်ဖြူတော်က အဆင့်မြင့်အရာရှိက ပြောပါတယ်။
ဆီးရီးယားအပေါ် စစ်ရေးတိုက်ခိုက်မှုတွေလုပ်ဖို့ အိုဘားမားက အတည်မပြုပေမဲ့ ဆီးရီးယားနိုင်ငံ အရှေ့ဘက်၊ မြောက်ဘက်နဲ့ အီရတ်အနောက်ပိုင်း ဒေသတွေကို သိမ်းပိုက်ထားတဲ့ IS သူပုန်တွေကို တိုက်ခိုက်နိုင်ဖို့ စစ်ရေးပြင်ဆင်မှုတွေတော့ လုပ်ထားတယ်လို့ အဲ့ဒီ အရာရှိက မနေ့ညနေပိုင်းက ပြောပါတယ်။
အမေရိကန်လေတပ်က အီရတ်နိုင်ငံမှာ လေကြောင်းစစ်ဆင်ရေးတွေ လုပ်နေပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်း Mosul မြို့အနီးက ရေနဲ့ စွမ်းအင်ထုတ်လုပ်ရေးအတွက် အချက်အချာကျတဲ့ ရေလှောင်တမံကို ပြန်တိုက် ယူပေးခဲ့တာအပြင် သိမ်းပိုက်ခံနယ်မြေတွေကို သူပုန်တွေလက်ကနေ ပြန်တိုက် ယူဖို့အတွက် အမေရိကန်တို့က အီရတ်နဲ့ Kurdish တပ်တွေကို ကူညီပေးခဲ့ပါတယ်။
ဆီးရီးယားနဲ့ အီရတ် နှစ်နိုင်ငံနယ်စပ်မှာ တပ်စွဲထားတဲ့ IS သူပုန်တွေကို နှိမ်နင်းဖို့ လိုတယ်လို့ ပင်တဂွန်အရာရှိတွေက ပြောပါတယ်။ ဆီးရီးယားမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် စစ်ဆင်ရေးလုပ်ရတာ ရှုပ်ထွေးနေပါတယ်။
၃ နှစ်ကျော်ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံအတွင်း မငြိမ်မသက်မှုတွေအတွက် အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ တချိန်လုံးပြောဆိုနေတဲ့ သမ္မတ Bashar al-Assad ကို အမေရိကန်တို့က အကူအညီပေးနေတယ်လို့ အထင်ခံရမှာကို အိုဘားမားအနေနဲ့ လိုလားမှုမရှိဘူးလို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။