သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဘက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေ အမေရိကန် သတိပေး


အကြမ်းဘက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေ အမေရိကန် သတိပေး

အမေရိကန်ပြည်သူတွေအနေနဲ့ မသင်္ကာစရာလှုပ်ရှားမှုတွေ၊ မသင်္ကာစရာပစ္စည်းတွေကို ဒီရက်ပိုင်းတွေ အတွင်းမှာ သတိကြီးကြီးထားပြီး စောင့်ကြည့် သတင်းပေးကြဖို့နဲ့ သူတို့ကိုယ်တိုင်လည်း ဆက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်လို့ အမေရိကန် အမိမြေ လုံခြုံရေးဝန်ကြီး ဂျဲနက် နပိုလီတာနို (Janet Napolitano) က ပြောဆိုလိုက်ပါတယ်။ အာဏာပိုင်တွေရဲ့ အပြောအရတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီး (၁၀) နှစ်ပြည့်မယ့်နေ့မှာ အကွက်ချပြီး တိုက်ခိုက်မယ်လို့ ယုံကြည်ရလောက်ပြီး အတည်တော့မပြုနိုင်သေးတဲ့ အစီအစဉ်တွေရှိကြောင်း သတင်းရထားတယ်လို့ ဆိုပါတယ်။

(၁၀) နှစ်ပြည့် အထိမ်းအမှတ်မတိုင်မီ ၂ ရက်အလိုဖြစ်တဲ့ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အစိုးရ အာဏာပိုင်တွေဟာ မြင်နိုင်တဲ့ အန္တရာယ်တွေရော၊ မမြင်နိုင်တဲ့ အန္တရာယ်တွေကိုပါ လျော့ပါးအောင်လို့ ပြည်နယ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အလုပ်လုပ်နေကြပါတယ်လို့ ၀န်ကြီး နပိုလီတာနိုက ပြောပါတယ်။ ဒါပေမဲ့လည်း အမေရိကန် တနိုင်ငံလုံးအနေနဲ့ကတော့ နိုင်ငံသားတယောက်စီတိုင်းက ဒီကာကွယ်ရေးတာဝန်ကို တနိုင်တပိုင် မျှဝေ ယူကြရမှာဖြစ်ပြီး လူတိုင်းမှာ ဒီတာဝန်ရှိတယ်လို့လည်း သူက ပြောပါသေးတယ်။

ခြိမ်းခြောက်မှုတွေရဲ့ သဘောသဘာဝကို အသေးစိတ် ထုတ်ပြန်ထားပြီး နိုင်ငံခြားရေးဝန်ကြီး မစ္စ် ကလင်တန်ကတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ အယ်လ်ခိုင်းဒါးတွေ ရှိနေတယ်လို့ ပြောပါတယ်။ အယ်လ်ခိုင်းဒါးတွေဟာ နယူးယောက်နဲ့ ၀ါရှင်တန်ဒီစီကို ပစ်မှတ်အဖြစ်ထားပြီး အမေရိကန်တွေကို တိုက်ခိုက်ဖို့ ထပ်ပြီး ကြံစည်တာဖြစ်တယ်လို့ မစ္စ် ကလင်တန်က သောကြာနေ့ကပဲ နယူးယောက်မှာ ပြောကြားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားခဲ့တာပါ။

နယူးယောက်နဲ့ ၀ါရှင်တန်ဒီစီ နှစ်မြို့လုံးရဲ့ အာဏာပိုင်တွေကတော့ နောက်ထပ် ရက်အတော်ကြာကြာထိအောင် မြို့လုံခြုံရေးတွေအတွက် ရဲတပ်ဖွဲ့ဝင် အင်အား အများအပြား တိုးမြှင့်ချထားဦးမှာဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ တနင်္ဂနွေနေ့မှာကျင်းပမယ့် စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို တက်ရောက်မယ့် သမ္မတဘရက်အိုဘားမားရဲ့ အစီအစဉ်ကိုတော့ ပြောင်းပစ်မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။

XS
SM
MD
LG