ယီမင်နိုင်ငံကနေ အမေရိကန်နိုင်ငံကို တင်ပို့ခဲ့တဲ့ ဖောက်ခွဲရေး ပစ္စည်းတွေပါဝင်တဲ့ အထုပ်နှစ်ထုပ်မှာ ယီမင်နိုင်ငံက အယ်လ်ခိုင်းဒါး အဖွဲ့ခွဲရဲ့ အမှတ်တံဆိပ် ပါနေတာတွေ့ရတယ်လို့ အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီး Janet Napolitano ကပြောပါတယ်။
ဒီပစ္စည်းထုပ်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး သေချာတဲ့ အဖြေရနိုင်ဖို့ ဒီအထုပ်တွေထဲမှာ ပါနေတာတွေကို သေသေချာချာ စစ်ဆေးရမယ်လို့လည်း ဝန်ကြီး Napolitano က ပြောပါတယ်။ ဒါပေမဲ့ အထုပ်ထဲမှာ PETN လို့ခေါ်တဲ့ ပေါက်ကွဲစေတဲ့ ဓါတုပစ္စည်းတွေ ပါနေတဲ့ လက္ခဏာရှိပြီး ဒါဟာ လွန်ခဲ့တဲ့နှစ်တုန်းက မအောင်မြင်ခဲ့တဲ့ အမေရိကန် လေယာဉ်ဖောက်ခွဲဖို့ ကြိုးစားခဲ့ချိန်တုန်းက အသုံးပြုခဲ့တဲ့ပစ္စည်းမျိုး ဖြစ်တယ်လို့လည်း ဝန်ကြီး Napolitano က စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီလေယာဉ်ဖောက်ခွဲဖို့ ကြိုးစားမှုဟာ အာရပ်ကျွန်းဆွယ်မှာ လူသိများတဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ဖြစ်တဲ့ ယီမင် အယ်လ်ခိုင်းဒါး အဖွဲ့ခွဲနဲ့ ဆက်နွယ်နေပါတယ်။
အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့ မှာရှိတဲ့ ဂျူး ဝတ်ပြုဆုတောင်းတဲ့ နေရာတွေကို ပို့ပေးမယ့် ဒီဖောက်ခွဲရေး ပစ္စည်းတွေ ပါဝင်တဲ့ အထုပ်တွေကို ဘယ်အကြမ်းဖက်သမားတွေက ပို့ပေးဖို့ ကြိုးစားတယ်ဆိုတာကို အမေရိကန်၊ ယီမင်နဲ့ ဗြိတိန်နိုင်ငံ အာဏာပိုင်တွေက စုံစမ်းရှာဖွေနေ ကြပါတယ်။
ဒီဖောက်ခွဲရေး ပစ္စည်းတွေကို ဗြိတိန်နဲ့ ဒူဘိုင်းကနေ အမေရိကန်နိုင်ငံကို ပျံသန်းမယ့် လေယာဉ်တွေပေါ်မှာ တွေ့ရှိခဲ့တာပါ။ ဒီဖောက်ခွဲရေး ပစ္စည်းတွေပါရှိတဲ့ ပစ္စည်းထုပ် တင်ပို့မှုဟာ အကြမ်းဖက် အန္တရာယ်ရှိနေတယ် ဆိုတာကို ပြသနေတယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမား က သောကြာနေ့က ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ပစ္စည်းထုပ်ကနေ ပေါက်ကွဲမှုတွေ ဖြစ်နိုင်တယ်လို့ ဗြိတိသျှ ပြည်ထဲရေးအတွင်းဝန် Theresa May က ပြောပါတယ်။