သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်အန္တရာယ်ကြောင့် အမေရိကန်သံရုံးတချို့ပိတ်


အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် ပိတ်ထားမည့် အမေရိကန်သံရုံးစိုက်ရာ ဒေသများရဲ့မြေပုံ။
အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် ပိတ်ထားမည့် အမေရိကန်သံရုံးစိုက်ရာ ဒေသများရဲ့မြေပုံ။
အမေရိကန်ပြည်ထောင်စုက ကမ္ဘာတဝန်းမှာရှိတဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး ၂၀ ကျော်ကို တနင်္ဂနွေနေ့မှာ ပိတ်ပစ်လိုက်ပြီး အမေရိကန်နိုင်ငံသားတွေကို တကမ္ဘာလုံးအတွက် ခရီးသွားလာမှု သတိပေးချက် ထုတ်ပြန်ထားပြီး အယ်လ်ခိုင်းဒါး အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်စိုးရိမ်နေရတယ်လို့ သတိပေးထားပါတယ်။

အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိကမှာ အကြမ်းဖက် တိုက်ခိုက်မှု ရှိနိုင်တယ်လို့ ပြောပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က သောကြာနေ့က သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

အခုကစပြီး သြဂုတ်လကုန်အထိ အယ်လ်ခိုင်းဒါး နဲ့ သူနဲ့ဆက်စပ်နေတဲ့ အဖွဲ့တွေ၊ အချိန်မရွေး တိုက်ခိုက်မှုတွေ လုပ်နိုင်တယ်၊ အဲဒီ တိုက်ခိုက်မှုတွေကို အာရေဗျကျွန်းဆွယ်ဒေသက လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

စနေနေ့မှာလည်း နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး သတိပေးချက် ထုတ်ပြန်ပါတယ်။ အီရတ်၊ လစ်ဗျား၊ ပါကစ္စတန် နဲ့ နောက်ထပ် တခြား နိုင်ငံ ၆ ခုတို့မှာ တလောကပဲ အကျဉ်းထောင်ဖောက်မှုတွေဖြစ်ပွားလို့ Interpol က သတိပေးချက် ထုတ်တာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားနဲ့ တခြား ရာဇဝတ်သား ရာပေါင်းများစွာ လွတ်ထွက် သွားစေတဲ့ အကျဉ်းထောင် ဖောက်ထွက်မှု အတော်များများမှာ အယ်လ်ကိုင်းဒါး ပါဝင်ပတ်သက်တယ်လို့ ယူဆရကြောင်း Interpol က ပြောပါတယ်။ အဲဒီ ထောင်ဖောက်မှုတွေမှာ ချိတ်ဆက်ပြီး လုပ်ဆောင်တာလားဆိုတာ သိရဖို့ Interpol ရဲ့ အဖွဲ့ဝင် နိုင်ငံ ၁၉၀ အနေနဲ့ ကူညီ သုံးသပ်ပေးဖို့ Interpol က တောင်းဆိုပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ပိတ်ပစ်လိုက်တဲ့ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံး ၂၀ ကျော်ဟာ အီရတ်၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံတွေ အပါအဝင် မူဆလင် ကမ္ဘာမှာ ဖြစ်ပါတယ်။

ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတို့ကလည်း လုံခြုံရေးအတွက် စိုးရိမ်စရာရှိလို့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ ယီမင်နိုင်ငံက သူတို့ရဲ့ သံရုံးတွေကို ပိတ်မယ်လို့ နောက်ပိုင်းမှာ ကြေညာသွားပါတယ်။
XS
SM
MD
LG