အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ ကျရောက်တဲ့ Thanksgiving လို့ခေါ်တဲ့ ကျေးဇူးတော်နေ့မှာ မိသားစုတွေ ရိုးရာစဉ်လာမပျက် အနားယူရင်း ပြန်လည်စုစည်း တွေ့ဆုံနေကြပါပြီ။
နှစ်စဉ် နိုဝင်ဘာလရဲ့ စတုတ္ထမြောက် ကြာသပတေးနေ့ကို ကျေးဇူးတော်နေ့အဖြစ် သတ်မှတ်ထားပြီး မိသားစုတွေအတွက် အရေးအကြီးဆုံး အလုပ်အားလပ်ရက် ဖြစ်ပါတယ်။
ရိုးရာ အစားအစာတွေဖြစ်တဲ့ ကြက်ဆင်သား၊ အာလူး၊ ခရမ်ဘယ်ရီဂျမ် အတို့နဲ့ Pumpkin Pie လို့ခေါ်တဲ့ ရွှေဖရုံသီး မုန့်တွေကို ပျော်ပျော်ပါးပါး စုဝေး စားသောက်လေ့ ရှိကြပါတယ်။
သမ္မတ အိုဘားမားကလည်း ကျေးဇူးတော်နေ့ အခါသမယမှာ မိန့်ခွန်းပြောဆိုလိုက်ပြီး နိုင်ငံရဲ့ စီးပွားရေးအရ အလုပ်လက်မဲ့ဘ၀နဲ့ ရုန်းကန်နေကြရသူတွေ၊ စစ်ပွဲမှာ ၀င်ရောက် ဆင်နွှဲနေကြသူ စစ်မှုထမ်းတွေအတွက် အတူတကွ ပူးပေါင်း ထောက်ခံသွားကြဖို့နဲ့ ဒီမိုကရက်၊ ရီပတ်ဘလစ်ကန်နဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေ အနေနဲ့လည်း စီးပွားရေးရာနဲ့ တခြားပြဿနာတွေ ပြေလည်ရေး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြဖို့ ဆော်သြလိုက်ပါတယ်။
၁၆၂၁ ခုနှစ်က စတင်ခဲ့ကြတယ်လို့ ယူဆရတဲ့ ပထမအကြိမ် ကျေးဇူးတော်နေ့ကို ၁၈၆၃ ခုနှစ်ကစလို့ တရားဝင် အလုပ်အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့ကြတာ ဒီနေ့ပဲ ဖြစ်ပါတယ်။