သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ၂၀၁၅ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းဆုရှင်တွေထဲ မြန်မာပါဝင်


(Credit: Philip Maung's Facebook)
(Credit: Philip Maung's Facebook)

အမေရိကန်နိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၅ အတွက် အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ဆုကို Hissho ဆူရှီးကုမ္ပဏီပိုင်ရှင် မြန်မာနိုင်ငံသား ကိုဖိလစ်မောင်ပိုင် က ရရှိသွားပါတယ်။ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူ၊ မြန်မာနိုင်ငံသားတဦးအနေနဲ့ အခုလို ဆုချီးမြှင့်ခံရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ နောက်လူတွေအတွက် အားကျဂုဏ်ယူစရာ ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကိုဖိလစ်မောင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အကြီးအကဲများနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ US Business Executive အဖွဲ့က ချီးမြှင့်တဲ့ ဒီဆုဟာ စီးပွားရေးလုပ်ငန်း ကြီးထွား အောင်မြင်တာအပြင် အလုပ်သမားတွေရဲ့ ကျေနပ်အားရမှု၊ မိမိရဲ့ ထုတ်ကုန် တခြားကုမ္ပဏီတွေထက် အရည်အသွေး ကောင်းမွန်တာ၊ တနှစ်တာအတွက် ဝန်ဆောင်မှုလုပ်ငန်း ကောင်းမွန်မှု စတဲ့ ဘက်စုံ တိုးတက်ကောင်းမွန်မှုကို ကြည့်ပြီး စီးပွားရေးလုပ်ငန်းမျိုးစုံအတွက် ကုမ္ပဏီပေါင်း (၉) ခုကို ချီးမြှင့်ခဲ့တာမှာ ကိုဖိလစ်မောင်ရဲ့ Hissho ဆူရှီးကုမ္ပဏီလည်း ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတဦးအနေနဲ့ အခုလို ဆုချီးမြှင့်ခံရတဲ့အတွက် ဝမ်းသာမိပါတယ်လို့ ကိုဖိလစ်မောင်က ပြောပါတယ်။

“ဝမ်းသာတာပေါ့နော်။ ကိုယ့်နိုင်ငံကနေထွက်လာပြီးတော့ အခုလိုမျိုး Immigrant တယောက်အနေနဲ့ လုပ်နိုင်တယ်ဆိုတာ။ ဒါပေမဲ့လည်း နှစ်တိုင်းတော့ အဲ့လိုပဲ ဆုတွေတော့ ကျနော် အမြဲတမ်း ရနေတာပဲ။ ဒါ ဒီနှစ်ရဲ့ ပထမဆုံးပေါ့နော်။ ဆိုတော့ ပထမဆုံးတခေါက် မဟုတ်တော့လည်း သိပ်ပြီးတော့ အထူးတလည်နဲ့ စိတ်လှုပ်ရှားနေတာတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ Immigrant တယောက်အနေနဲ့လည်း လုပ်နိုင်ကိုင်နိုင်တယ်ဆိုတော့ ဝမ်းသာတာပေါ့နော်။ နောက်လူတွေအတွက် လည်း အတုယူနိုင်အောင် လှုံ့ဆော်ပေးသလို ဖြစ်တာပေါ့။”

၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Hissho ဆူရှီးကုမ္ပဏီဟာ အခုချိန်မှာ အမေရိကန်နိုင်ငံတဝှမ်း ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်တဲ့အတွက် မနှစ် ၂၀၁၅ ခုနှစ်အတွက် ကုမ္ပဏီရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ ရှိသွားပြီလို့ ကိုဖိလစ်မောင်က ပြောပါတယ်။ ကုမ္ပဏီရဲ့ အောင်မြင်မှုနဲ့အတူ ဆုတွေလည်း နှစ်စဉ်ဆိုသလို ရရှိနေပါတယ်လို့ ကိုဖိလစ်မောင်က ပြောပါတယ်။

“ဆုတွေကတော့ များတယ်။ အကုန်လုံးတော့ ကျနော်တော့ မမှတ်မိတော့ဘူး။ နှစ်တိုင်းရနေတဲ့ဆုက Inc. မဂ္ဂဇင်းကနေပြီး ရွေးနေတာ အမေရိကားမှာ တိုးတက်တဲ့ကုမ္ပဏီတွေထဲက တခုဆိုတာ ကျနော်တော့ ၅ နှစ်လောက်ရှိပြီ ရတာ။ အဲဒါရယ် နောက် ဒီ Inc. မဂ္ဂဇင်းကပဲ ဒီ Hospitality Channel မှာ Top 100 ထဲမှာလည်း အမြဲတမ်းပါတယ်လေ။ နောက် မှတ်မှတ်ရရ တခုကတော့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကရတဲ့တခုကတော့ ကောင်းတာပေါ့နော်။ ဝန်ထမ်းတွေ မဲပေးတဲ့ လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးအလုပ်ရှင်နဲ့ လုပ်လို့အကောင်းဆုံး အလုပ်ရှင်ထဲက တယောက် အဲဒီဆုကိုရတာ အဲဒါကတော့ သူများတွေ ပေးတာထက်စာရင် ကိုယ့်ဝန်ထမ်းတွေက မဲပေးတာဆိုတော့ အဲဒါကတော့ ပိုပြီးတော့ ကောင်းတာပေါ့နော်။”

ကိုဖိလစ်မောင် စတင် တည်ထောင်ခဲ့တဲ့ Hissho ဆူရှီးကုမ္ပဏီရဲ့ အောင်မြင်မှုဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန်သမ္မတ အိမ်ဖြူတော်က အသိအမှတ်ပြု ဂုဏ်ပြုရတဲ့အထိ ဖြစ်လာခဲ့တာပါ။ အမေရိကန်အိပ်မက်လို့ခေါ်တဲ့ တခြားနိုင်ငံတွေက လာရောက် ရွှေ့ပြောင်းနေထိုင်ပြီး စီးပွားရေးအရ အောင်မြင်နေကြသူတွေကို ဂုဏ်ပြုတာမှာ ကိုဖိလစ်မောင်ကိုလည်း အမေရိကန် သမ္မတကတော် Michelle Obama က အထူး ဖိတ်ကြားခဲ့ပြီး သမ္မတ Barack Obama က သူ့ရဲ့ ၂၀၁၁ ခုနှစ် State Of the Union နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပေါ့နော် ဘယ်လိုဖြစ်ပြီးတော့ ဘယ်လိုရွေးတယ်ဆိုတာတော့ သူတို့ကတော့ မပြောဘူးပေါ့နော်။ နောက်ဆုံးအချိန်မှ သူတို့ ဖုန်းဆက်ခေါ်မှပဲ ကျနော်လည်း သိရတယ်။ အဲဒီအချိန်ကတော့ အများကြီး စိတ်လှုပ်ရှားတာပေါ့နော်။ အမေရိကန်သမ္မတကိုယ်တိုင်က အဓိက သမ္မတကတော်က ဖိတ်တဲ့အနေနဲ့ပေါ့နော် တကယ့် ထိပ်ပိုင်းတွေကို ဖိတ်တယ်ဆိုတော့ သူတို့နဲ့လည်း တွေ့ရတယ်။ သူတို့နဲ့လည်း အတူတူ စားကြသောက်ကြတယ်ဆိုတော့ ဒီခံစားချက်ကတော့ ရိုးရိုးလူသားတယောက်အနေနဲ့တော့ အရမ်းကြီးကို ဖော်ပြလို့ မတတ်ဘူးပေါ့နော်။ အရမ်းဝမ်းသာတာပေါ့။”

ဆုပေးဖို့ ရွေးချယ်တဲ့ အချက်တွေထဲက အဓိကအချက်တခုဖြစ်တဲ့ အလုပ်သမားတွေ စိတ်ချမ်းသာမှုနဲ့ ပတ်သက်လို့လည်း ကုမ္ပဏီအနေနဲ့ တတ်နိုင်သလောက် လုပ်ဆောင်ပေးနေတဲ့အကြောင်း ကိုဖိလစ်မောင်က ရှင်းပြပါတယ်။

“ကျနော်တို့ လုပ်နေတာတွေကတော့ အများကြီးပဲပေါ့နော်။ ကျနော် Exercise လုပ်တဲ့ Weight Training ဆရာမတွေ ခေါ်ပြီးတော့ လုပ်ပေးတယ်။ Yoga ဆရာမတွေ ခေါ်ထားပေးတယ်။ တခါတလေကျရင် Car Wash Service တွေ ခေါ်ထားပေးပြီးတော့ ကုမ္ပဏီကနေ သူတို့ကားတွေကို Wash လုပ်ပေးတယ်။ တခါတလေကျရင် ဆံပင်ညှပ်တဲ့ လူတွေ ခေါ်လာပေးပြီးရင် အလုပ်မှာ ဆံပင်ညှပ်တာတွေ အလကားညှပ်ပေးတာပေါ့နော်။ တချို့ ကျနော်တို့ Happy Hours တွေရှိတယ်။ အဲဒါက တခါတလေကျရင် ဒီမှာ ကျနော် Juice တွေ Smoothie တွေ ဖျော်တိုက်တာတို့၊ ဝိုင်သောက်တဲ့အချိန်မျိုး အဲဒါမျိုးလေးတွေပေါ့နော်။ လုပ်နေတာတွေတော့ အများကြီးပဲပေါ့နော်။ ကလေးမွေးခါနီးပဲဖြစ်ဖြစ်၊ ကလေးရတာပဲဖြစ်ဖြစ်၊ ဘွဲ့ရတာပဲဖြစ်ဖြစ် ဒီမှာ အောင်ပွဲပါတီလေးတွေ လုပ်ပေးတယ်။ အဲ့လိုမျိုးတွေပေါ့နော်။ နောက်တခါ ကျနော်တို့မှာ ဖောင်ဒေးရှင်းလည်း သေချာ ဖွဲ့ထားတယ်လေ။ အဲဒီဖောင်ဒေးရှင်းကနေပြီးတော့ သူတို့ရဲ့ အခက်အခဲရှိတဲ့ မိသားစုလေးတွေအတွက် အဲဒါကျတော့ ကျနော်တို့ ဝန်ထမ်းတွေမှ မဟုတ်ဘူး။ ရပ်ကွက်ထဲမှာလည်း အခက်အခဲရှိတဲ့ လူတွေဘာတွေဆိုရင် ကျနော်တို့ ကူညီဖို့ပေါ့နော်။ ဆိုတော့ တချို့ဝန်ထမ်းတွေမှာ ငွေရေးကြေးရေး အခက်အခဲရှိတာတို့၊ ကလေးရဲ့ ပညာသင်စရိတ်တွေ အခက်အခဲရှိတာတို့ဆိုရင် ကျနော်တို့ ဖောင်ဒေးရှင်းကို လျှောက်လို့ရတယ်လေ။ သတ်မှတ်ထားတဲ့ ဘောင်ထဲဝင်တယ်ဆိုရင်တော့ ထုတ်ပေးတာတို့ အဲဒါမျိုးတွေလည်းရှိတယ်။”

ကုမ္ပဏီရဲ့ အလုပ်သမားအများစုကို နိုင်ငံခြားကနေ အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ Immigrant တွေကို ခန့်ထားတယ်ဆိုပေမဲ့လည်း အဲဒီအထဲက ၇၀% လောက်ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ကိုဖိလစ်မောင်က ပြောပါတယ်။ သူ့ကုမ္ပဏီဟာ ဆူရှီးကုမ္ပဏီဖြစ်ပေမဲ့လည်း ပစ္စည်း အသစ်အဆန်းတွေကို သုတေသနအဖွဲ့ အသေအချာဖွဲ့စည်းပြီး အမြဲတစေ တီထွင် ကြံဆနေတာကြောင့် အဲဒီရဲ့ ရလဒ်အဖြစ်နဲ့ ၃၀% ကနေ ၄၀% အထိ နှစ်စဉ် ကြီးထွားမှု ရှိနေတယ်လို့လည်း ကိုဖိလစ်မောင်က ပြောပါတယ်။

XS
SM
MD
LG