အမေရိကန်ပြည်ထောင်စုမှာ TikTok ကုမ္ပဏီအတွက် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေကို အရေးမယူဘူးဆိုတဲ့ အာမခံချက်ကို အမေရိကန်အစိုးရက မပေးရင် မနက်ဖြန် တနင်္ဂနွေနေ့ကစပြီး TikTok လူမှုကွန်ရက်ကို လုံးဝပိတ်လိုက်မယ်လို့ TikTok ကုမ္ပဏီက ပြောလိုက်ပါတယ်။
အမေရိကန်ပိုင်ကုမ္ပဏီတခုခုကို မရောင်းရင် TikTok ကို ဇန်နဝါရီ ၁၉၊ တနင်္ဂနွေနေ့ကစပြီး တနိုင်ငံလုံး သုံးစွဲခွင့်တားမြစ်ဖို့ အောက်ရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားရုံးချုပ်က သောကြာနေ့က အတည်ပြုဆုံးဖြတ်ခဲ့ပြီးနောက် အခုလို TikTok က အကြပ်ကိုင်ပြောကြားခဲ့တာပါ။
TikTok app ကို Download ရယူနိုင်တဲ့ Apple နဲ့ Google app store တွေကနေ ဥပဒေ စတင်အသက်ဝင်မယ့် နက်ဖြန်ကစပြီး TikTok app ကို Download တခါလုပ်တိုင်း အဲဒီ App store တွေက အမေရိကန်ဒေါ်လာ ၅၀၀၀ ဒဏ်ကြေးပေးရမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ TikTok အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို Cloud ထဲမှာ သိမ်းဆည်းသိုလှောင်ပေးထားတဲ့ Oracle ကုမ္ပဏီအနေနဲ့လည်း ဥပဒအရ ပိတ်ပင်မှုတွေကို မလိုက်နာရင် အရေးယူခံရမှာ ဖြစ်ပါတယ်။
TikTok ကို ပိတ်ပင်ပေမဲ့ အဲဒီလုပ်ငန်းတွေကို အရေးမယူပါဘူးဆိုတဲ့ အာမခံချက်ပေးဖို့ TikTok က အမေရိကန်အစိုးရကို တောင်းတာ ဖြစ်ပါတယ်။ ဒီအာမခံချက် မရရင်တော့ အမေရိကန်မှာ လက်ရှိ TikTok သုံးနေသူ သန်း ၁၇၀ လုံး TikTok ကို လုံးဝ ဆက်သုံးလို့ မရတော့အောင် တနင်္ဂနွေနေ့မှာ ရပ်ပစ်လိုက်မှာ ဖြစ်တယ်လို့ TikTok ကုမ္ပဏီက သောကြာနေ့ ညပိုင်းက ပြောကြားခဲ့ပါတယ်။ စီးပွားရေးအတွက် TikTok ကို အားကိုးနေကြရတဲ့ အမေရိကန်သုံးစွဲသူတွေက အစိုးရရဲ့ ဥပဒေကို ကန့်ကွက်ဝေဖန်နေကြပါတယ်။
TikTok အနေနဲ့ အမေရိကန်ကုမ္ပဏီတခုခုကို ရောင်းဖို့ စီစဉ်နေတယ်ဆိုရင်တော့ ဥပဒေအသက်ဝင်မှုကို အိမ်ဖြူတော်က ရက် ၉၀ ရွှေ့ဆိုင်းထားနိုင်ပေမဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance က မရောင်းနိုင်ဘူးလို့ ပြောကြားထားပါတယ်။
ဇန်နဝါရီ ၂၀ မှာ သမ္မတသစ် ဖြစ်လာတော့မယ့် Donald Trump က TikTok ကိစ္စကို တရုတ်သမ္မတ Xi Jinping နဲ့ သောကြာနေ့က ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်တဝန်း TikTok အသုံးပြုမှု ပိတ်ပင်မယ့် ဥပဒေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ သုံးသပ်ပြီး ဆုံးဖြတ်ချက် တခုခုချမယ်လို့ သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
TikTok ပေါ်မှာ လူငယ်တွေကို သူ မဲဆွဲစည်းရုံးနိုင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲမှာ လူငယ်မဲတွေရတာကြောင့် ရွေးကောက်ပွဲနိုင်ဖို့ အထောက်အကူ ဖြစ်ခဲ့တယ်လို့ Trump က ပြောခဲ့ပြီး TikTok ကို ဆက်လက်အသုံးပြုခွင့်ပေးဖို့ လိုလားတဲ့သဘောမျိုး ပြောကြားထားပါတယ်။
Forum