သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအို ဖွံ့ဖြိုးရေး အမေရိကန်အကူအညီထပ်ပေးဖို့ ၀န်ကြီးကယ်ရီ ကတိပေး


ဝန်ကြီး ကယ်ရီနှင့် လာအိုဝန်ကြီးချုပ်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်။

လာအိုနိုင်ငံမှာကြုံတွေ့နေရတဲ့ ငတ်မွတ်ခေါင်းပါးမှုပြသနာ၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေရှင်းလင်းရေးပြသနာနဲ့ မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသနည်းပညာဆိုင်ရာလက်လှမ်းမှီစေဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ကူညီနေတဲ့ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Vientiane မြို့တော်ကို တနင်္လာနေ့က ရောက်ရှိစဉ် ခုလို အရေးယူဆောင်ရွက်မှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ချပြခဲ့တာဖြစ်ပါတယ်။ ဒါအပြင် အလှည့်ကျ အာဆီယံဥက္ကဌ ရာထူးကို လက်ခံရမှာလည်း လာအိုနိုင်ငံရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကိုလည်း ၀န်ကြီးကယ်ရီက ပြောခဲ့ပါတယ်။ ဆွေးနွေးမှုတွေအတွင်း နောက်လ ကယ်လီဖိုးနီးယားမှာ သမ္မတ Barack Obama အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ ဆွေးနွေးမယ့် အခြေခံ အချက်တွေကိုလည်း ၀န်ကြီးကယ်ရီက ချပြခဲ့ပါတယ်။ သမ္မတ အိုဘားမားအနေနဲ့ ဒီနှစ်နှောင်ပိုင်း လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်မှာဖြစ်ပြီး အမေရိကန်သမ္မတ တဦးအနေနဲ့ ပထမဦးဆုံးအကြိမ် လာအိုနိုင်ငံကိုသွားမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Thongsing Thammavong နဲ့ နိုင်ငံခြားရေးဝန်ကြီး Thongloun Sisoulithတို့ အပါအ၀င် လာအိုအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ၀န်ကြီးကယ်ရီက ပြောဆိုသွားတာပါ။ လာအိုနိုင်ငံမှာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုနှေးကွယ်စေတဲ့ ငတ်မွတ် ခေါင်းပါးမှုပြဿနာ ဖြေရှင်းရေးအတွက် ကျောင်းတွေမှာ နေ့လည်စာ ကျွေးမွေးဖို့ အစီအစဉ်အတွက် အမေရိကန်က ဒေါ်လာ ၆ သန်း အကူအညီပေးမယ်လို့ ၀န်ကြီးကယ်ရီက ပြောသွားပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းမှာ လုပ်ငန်းတွင်ကျယ်စေဖို့ နည်းပညာ ပိုမိုလက်လှမ်းမှီအောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်နေတယ်လို့ ၀န်ကြီးကယ်ရီက ဆိုပါတယ်။ မဲခေါင်မြစ်ဟာ အာရှမှာ အရှည်ဆုံးဖြစ်ပြီး သိပ်ကိုအရေးကြီးကာ တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတိုကို ဖြတ်ပြီးစီးဆင်းတာ ဖြစ်ပါတယ်။

လာအိုနိုင်ငံဟာ ၀န်ကြီးကယ်ရီရဲ့ အာရှသုံးနိုင်ငံ ခရီးစဉ်အတွင်း ပထမတထောက် နားရာဖြစ်ပြီး ဒီကနေ့ကမ္ဘေဒီးယားကို သူဆိုက်ရောက်မှာဖြစ်ပြီး အဲဒီကတဆင့် တရုတ်နိုင်ငံကိုခရီးဆက်မှာဖြစ်ပါတယ်။

တချိန်တုန်းက လာအိုမှာ အမေရိကန် စစ်လေယာဉ်တွေ ကျဲချခဲ့တဲ့ ဗုံးတွေထဲက မပေါက်ကွဲသေးတဲ့ ဗုံးတွေ ကိစ္စအပါအ၀င် ဗီယက်နမ်စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်နိုင်အောင် လာအိုဝန်ကြီးချုပ်က ကူညီ ဆောင်ရွက်ပေးနေတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းလည်း ၀န်ကြီးကယ်ရီက ပြောပါတယ်။ ဗီယက်နက်စစ်ပွဲတွင်း ကျဲချခဲ့တဲ့ ဗုံးတွေထဲမှာ ခန့်မှန်းချေ ၃၀ ရာခိုင်နှုန်းလောက်က မပေါက်ကွဲဘဲ ကျန်နေပြီး နောက်ပိုင်း ဒီလိုဗုံးတွေ ပေါက်ကွဲမှုကြောင့် လူတွေ ထောင်ပေါင်းများ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG