သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV ဝေဒနာရှင်ကလေးတဦး ပထမဆုံး ရောဂါ ကုသပျောက်ကင်း


HIV/AIDS ရောဂါပိုး ကူးစက်နေတဲ့ မွေးကင်းစ ကလေးငယ် ကို စောစောစီးစီး ပုံမှန် ဆေးကုသ မှု ပေးနိုင်ခဲ့တဲ့နောက် ပိုင်း ရောဂါပျောက်ကင်းသွားတဲ့ လက္ခဏာတွေ တွေ့လာရတယ်လို့ အမေရိကန် ပြည်ထောင်စုက ဆရာဝန်တွေက ထုတ်ဖော် ပြောဆိုပါတယ်။

ဒီတွေ့ရှိချက်ကို Atlanta မှာ ကျင်းပတဲ့ ကူးစက်ရောဂါဆိုင်ရာ ဆေးပညာ ညီလာခံ တခုမှာ ကြေ ညာခဲ့တာဖြစ်ပါတယ်။

Mississippi ပြည်နယ်က အသက် ၂ နှစ်အရွယ် ကလေးမလေးကို သူမွေးပြီးပြီးချင်း နာရီ ၃၀ အကြာမှာ စတင်ပြီး AIDS ရောဂါရှင်တွေအတွက် ပုံမှန်ပေးလေ့ရှိတဲ့ ဆေး ၃ မျိုးကို ပေးပြီး ကုသပေးခဲ့တာပါ။

ဒီကလေးမလေးကို အခု ပုံမှန်စမ်းသပ်မှုတွေနဲ့ စစ်ဆေးတဲ့အခါမှာ HIV ပိုး မတွေ့ရတော့တာမို့ တသက်လုံး ဆေး ဆက်ပြီး စားသွားရတာမျိုး လိုအပ်တော့မှာ မဟုတ်ဘဲ ပျောက်ကင်းနေပြီလို့ ဆိုပါတယ်။

ဒါဟာ ပထမဆုံး အောင်အောင်မြင်မြင် ကုသနိုင်တဲ့ ကလေးလူနာလည်း ဖြစ်ပါတယ်။ တခြား ကလေးငယ်တွေမှာ ဒီလိုပုံစံနဲ့ ကုသနိုင်မှု ရှိ-မရှိနဲ့ ဒီဆေးတွေက ထိရောက်မှု ရှိ-မရှိ သိရဖို့ အတွက် စမ်းသပ်မှုတွေ ဆက်လုပ်ဖို့ လိုအပ်နေဆဲဖြစ်ပြီး၊ ဒီစမ်းသပ်မှုတွေကနေ အခု ကလေးငယ်လို ရလဒ်ကောင်းတွေ ရချင်မှ ရနိုင်မှာ ဖြစ်ပေမဲ့ AIDS ရောဂါကို ဖြစ်စေတဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ ကလေးငယ်တွေအတွက် ဘယ်လို ကုသပေးနိုင်တယ်ဆိုတာကို သိလာနိုင်တယ် လို့လည်း ဆရာဝန်တွေက ပြောပါတယ်။

ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်မပြောသေးတဲ့ ဝေဒနာ ပျောက်သွားတဲ့ ကလေးမလေးဟာ သူ မမွေးခင် ကတည်းက HIV ရောဂါပိုး ရှိနေမှန်းမသိတဲ့ သူ့မိခင်ကနေ တဆင့် ကူးစက်ခံခဲ့ရသူ ဖြစ် ပါတယ်။
XS
SM
MD
LG