သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်မစ်စစ်သွေးကြွ ချေမှုန်းရေး အိုဘားမားကြားနာ


သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ အစ္စလာမ်မစ်စစ်သွေးကြွ IS အဖွဲ့ချေမှုန်းရေး စစ်ရေးလက်တွေ့ လုပ်ငန်းစဉ် အသေးစိတ်ကို သူ့တပ်မှူးတွေ ရှင်းပြတာကို ကြားနာနေပါပြီ။

အမေရိကန် ဗဟိုစစ်ရေးကွပ်ကဲမှုဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Lloyd Austin က အီရတ်နဲ့ ဆီရီးယားမှာ အခြေစိုက်ထားတဲ့ ဒီ IS အဖွဲ့ အားနဲပြီး၊ ပျက်သုဉ်းသွားစေမယ့် သမ္မတရည်မှန်းချက် ပေါက်မြောက်နိုင်ရေး နိုင်ငံတကာမှာ မဟာမိတ်ဖွဲ့ဖို့ ကြိုးပမ်းနေတာတွေကို သမ္မတ အိုဘားမားကို ဒီနေ့ ရှင်းပြနေပါတယ်။

မနေ့က လွှတ်တော်ကြားနာပွဲတုန်းက ဒီစစ်ဆင်ရေးဟာ ခက်ခဲပြီး အချိန်ယူရမှာဖြစ်တယ်လို့ အဓိက ရှင်းပြခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel လည်း ဒီအစည်းအဝေးကို တက်နေပါတယ်။ ဒီလွှတ်တော်ကြားနာပွဲမှာ ဝန်ကြီး Hagel က ထိထိရောက်ရောက် လုပ်ပေးနိုင်မယ့် မဟာမိတ်ရရေးဟာ ဒီတိုက်ခိုက်ရေးမှာ အဓိက ကျနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒီလွှတ်တော်ကြားနာပွဲမှာ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ Martin Dempsey ကလည်း အမေရိကန် အကြံပေးတွေအနေနဲ့ အီရတ်မြေပြင်တပ်ဖွဲ့တွေနဲ့အတူ လိုက်ပေးရမယ်ဆိုရင်လည်း သမ္မတ အိုဘားမားဆီက ခွင့်ပြုချက် ယူရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တကယ်တော့ သမ္မတ အိုဘားမားအနေနဲ့ အီရတ်စစ်မြေပြင်ကို အမေရိကန်တပ်တွေ ပြန်ပို့မှာ မဟုတ်ဘူးလို့ ဆက်တိုက် ကတိပေးလာခဲ့ပါတယ်။

အီရတ်အာဏာရှင်ဟောင်း ဆာဒန်ဟူစိန် ဖြုတ်ချရေးအတွက် အီရတ်ကို အမေရိကန်က စစ်ဆင်ခဲ့ပြီးကတည်းက ၇ နှစ်တာ ချထားခဲ့တဲ့ အမေရိကန်တပ်သားတွေကို သမ္မတ အိုဘားမားအနေနဲ့ ၂၀၁၁ ခုနှစ်မှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

XS
SM
MD
LG