သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ရပ်ဝန်းကုန်သွယ်ရေး သဘောတူညီမှုရရှိ


ပစိဖိတ်ရပ်ဝန်း ကုန်သွယ်ရေးဝန်ကြီးများ TPP အစည်းအဝေးမှာ တွေ့ရစဉ်။ (အောက်တိုဘာ ၁၊ ၂၀၁၅)
ပစိဖိတ်ရပ်ဝန်း ကုန်သွယ်ရေးဝန်ကြီးများ TPP အစည်းအဝေးမှာ တွေ့ရစဉ်။ (အောက်တိုဘာ ၁၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ ပစိဖိတ်ရပ်ဝန်း ၁၀ နိုင်ငံတို့ကြား ကုန်သွယ်ရေးဆိုင်ရာ အဟန့်အတားတွေကိုလျှော့ချပြီး ကမ္ဘာ့စီးပွားရေး ၄၀ ရာခိုင်နှုန်းရှိတဲ့ ပစိဖိတ်သမုဒ္ဒရာ တဖက်တချက်နိုင်ငံတွေကြား ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားတဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက် ဒီကနေ့ ရယူနိုင်ခဲ့ကြပါတယ်။

၇ နှစ်ကြာ စေ့စပ်ညှိနှိုင်းမှုတွေ အဆက်အပြတ်လုပ်ဆောင်ခဲ့ပြီးတဲ့နောက် TPP လို့ အတိုကောက်ခဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာ တဖက်တချက်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို ဂျော်ဂျီယာပြည်နယ် Atlanta မြို့မှာ ဒီကနေ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေး ထွက်ကုန်တွေ၊ မော်တော်ကား၊ နောက်ဆုံးပေါ် နည်းပညာ ပစ္စည်းတွေ၊ နောက်ဆုံးပေါ် ဆေးဝါးတွေနဲ့ တခြား ထုတ်ကုန်ပစ္စည်းပေါင်းများစွာ ကို ကုန်သွယ်ရာမှာ သတ်မှတ်ထားတဲ့ အဟန့်အတားတွေကို လျှော့ချဖို့နဲ့၊ သဘာဝပတ်ဝန်းကျင်နဲ့ အလုပ်သမားရေးရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်သွားဖို့ ကိစ္စတွေကို ဒီနိုင်ငံတွေကြား ဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။ သဘောတူစာချုပ် အသေးစိတ် အချက်အလက်တွေကိုတော့ ဒီကနေ့ နှောင်းပိုင်းမှာ ကြေညာနိုင်ဖို့ မျှော်လင့်ရတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီသဘောတူညီချက် အတည်ဖြစ်ဖို့ကိုတော့ ပစိဖိတ်ရပ်ဝန်း ၁၂ နိုင်ငံစလုံးရဲ့ ဥပဒေပြု လွှတ်တော်တွေက အသီးသီး အတည်ပြုပေးရမှာပါ။ အမေရိကန် ကွန်ဂရက်လွှတ်တော်က ဒီသဘောတူညီချက် အတည်ပြု မပြု မသေချာသေး ပေမဲ့လို့ နိုင်ငံတွေကြားမှာ TPP သဘောတူညီချက်ကို ရယူနိုင်ခဲ့တာကတော့ သမ္မတ အိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကြီးမားတဲ့ အောင်မြင်မှုတခုပဲ ဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်အနေနဲ့ကတော့ ဒီသဘောတူ စာချုပ်ကို အတည်ပြုသင့်မသင့်ကို ရှေ့နှစ်ထဲရောက်တဲ့အထိ ဆုံးဖြတ်နိုင်ဖွယ် မရှိသေးပါဘူး။

XS
SM
MD
LG