ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ခရီးထွက်နေကြသူတွေဟာ တင်းကျပ် တဲ့ လုံခြုံရေးဒုက္ခအပြင် ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ကိုပါ ရင်ဆိုင်နေကြရပါတယ်။
အမေရိကန် အနောက်အလယ်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသတွေမှာ ထူထပ်တဲ့ ဆီးနှင်းတွေကြောင့် အမေရိကန် လေကြောင်းလိုင်းတွေက ခရီးစဉ် ရာပေါင်းများစွာကို ခရစ္စမတ်စ်နေ့၊ စနေနေ့မှာ ဖျက်သိမ်းခဲ့ပါတယ်။
နှင်းမုန်တိုင်းဟာ အခု နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသဘက်ဆီကို ရွှေ့လျားလာနေတဲ့အတွက် ဗွီအိုအေရုံးရှိရာ ၀ါရှင်တန်ဒီစီ ဒေသတ၀ိုက်၊ တခါ နယူးယောက်နဲ့ ဘော်စတွန်မြို့တွေမှာ ၅ လက်မကနေ ၁၀ လက်မအထိ နှင်းတွေကျပြီး လေပြင်းတိုက်ခတ်လိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ကြိုတင် သတိပေးထားပါတယ်။
နှစ်သစ်ကူး ရုံးပိတ်ရက်ကာလဟာ အမေရိကန်လူမျိုးအများအပြားအတွက် ကွဲကွာနေကြတဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ကြချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ခရီးအထွက်များတဲ့ အချိန်မျိုးမှာ အကြမ်းဖက်သမားတွေက အပူအအေးခံနိုင်အောင်လုပ်ထားတဲ့ သေတ္တာတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေကို ခိုးဝှက် ထည့်ထားနိုင်တယ် ဆိုတဲ့ ထောက်လှမ်းရေး သတိပေးချက်ကြောင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက လေဆိပ်လုံခြုံရေးတွေကို တိုးမြှင့်တင်းကျပ်ထားပါတယ်။