သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် သေပြီးနောက် အမေရိကန် လုံခြုံရေး သတိပေး


ဘင်လာဒင် သေပြီးနောက် အမေရိကန် လုံခြုံရေး သတိပေး
ဘင်လာဒင် သေပြီးနောက် အမေရိကန် လုံခြုံရေး သတိပေး

အယ်လ်ခိုင်းဒါး (Al Qaeda) အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးသွားပေမဲ့ အယ်လ်ခိုင်းဒါး အဖွဲ့နဲ့ အလားတူ အကြမ်းဖက် အဖွဲ့တွေအပေါ် ချေမှုန်းမှုတွေကတော့ ရပ်သွားမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

အပြစ်မဲ့သူတွေကို သတ်ဖြတ်နေသူတွေကို အမေရိကန်က မနားမနေ လိုက်လံ ရှာဖွေနေမှာ ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ တာလီဘန်တွေကိုလည်း အမေရိကန်က ဆက်ပြီး တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံခြားမှာ နေထိုင်ကြတဲ့ အမေရိကန်တွေ၊ နိုင်ငံခြားခရီး သွားကြမယ့် အမေရိကန် ခရီးသည်တွေကို အထူးသတိရှိကြဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက နှိုးဆော်ချက် ထုတ်ထားပါတယ်။

ကမ္ဘာနဲ့တဝန်းအတွက် ထုတ်ပြန်တဲ့ ခရီးသွား နှိုးဆော်ချက်မှာ ဘင်လာဒင်ကို သုတ်သင်မှုကြောင့် တချို့ဒေသတွေမှာ အမေရိကန် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

အဲဒီလို နေရာမျိုးမှာ ရှိနေကြတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ အိမ်အပြင်၊ ဟိုတယ်အပြင် သွားတဲ့အခါ အကန့်အသတ်နဲ့ သွားသင့်သလို လူအများ စုဝေးတဲ့ နေရာတွေ၊ ဆန္ဒပြပွဲတွေကိုလည်း ရှောင်ရှားကြဖို့ သတိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြား ရောက်နေကြတဲ့ အမေရိကန်တွေ အနေနဲ့ အဲဒီနိုင်ငံက သတင်းတွေကို အမြဲမပြတ် နားစွင့်ထားဖို့နဲ့ နီးစပ်ရာ အမေရိကန်သံရုံး ကောင်စစ်ဝန်ရုံးတွေနဲ့ အဆက်အသွယ် မပြတ်ဖို့လည်း သတိပေးထားပါတယ်။

သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေကလည်း လိုအပ်လာရင် အမေရိကန် နိုင်ငံသားတွေကို အရေးပေါ် ဝန်ဆောင်မှု အတတ်နိုင်ဆုံး ပေးပါလိမ့်မယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန် အစိုးရရုံးတွေ၊ လုပ်ငန်းတွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပြီး လုံခြုံရေးအတွက် လိုအပ်လာရင် အများပြည်သူ ဝင်ထွက်နိုင်မှုကို ယာယီ ပိတ်ကောင်း ပိတ်နိုင်တယ် ဆိုတာကိုလည်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။

XS
SM
MD
LG