မက်ဆီကို မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ဟောင်း El Chapo Guzman ဟာ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် စံရင်ခြင်း ခံရပြီး ကျန်ရှိနေသေးတဲ့ သူ့ဘဝ သက်တမ်း တခုလုံးကို အကျဉ်းထောင် ထဲမှာပဲ နေသွားရဖို့ ရှိနေပါတယ်။ နယူးရောက် ပြည်ထောင်စုတရားရုံး တခုမှာ တရားသူကြီး Brian Cogan က Guzman အပေါ် ထောင်ဒဏ် တသက်တကျွန်း နဲ့ နောက်ထပ် အနှစ် ၃၀ ထောင်ဒဏ် ကျခံဖို့ ဗုဒ္ဓဟူးနေ့က ပြစ်ဒဏ်စီရင်လိုက်ပါတယ်။
အသက် ၆၂ နှစ်အရွယ် El Chapo ဟာ မက်ဆီကို Sinaloa မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ထိပ်တန်း ခေါင်းဆောင် အနေနဲ့ ကိုကင်း၊ ဘိန်းဖြူနဲ့ ဆေးခြောက် တန်ချိန်ပေါင်း များစွာကို မှောင်ခို တင်သွင်းမှုကြောင့် ဖေဖေါ်ဝါရီလတုန်းက ပြစ်မှုထင်ရှား ဆုံးဖြတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
Guzman ဟာ လူသတ်မှုပေါင်း များစွာမှာလည်း ပါဝင် ပတ်သက်ခဲ့တယ်လို့ တရားလို ရှေ့နေတွေက ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ Guzman ကို နောက်ဆုံးအဖြစ် ဖမ်းးဆီးရမိခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှာတော့ သူ့ကို မက်ဆီကိုကနေ အမေရိကန် ပြည်ထောင်စုကို ပို့ခဲ့ပြီး အခု တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သူဟာ ၁၉၉၀ နှစ်တွေကနေ ၂၀၀၀ နှစ်တွေ အတွင်း သူ့ပြိုင်ဘက်တွေနဲ့ အသေအပျောက်ရှိတဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ပြီး တန်ခိုးထွားလာ ခဲ့တာ ဖြစ်ပါတယ်။