သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီပညာရေး လေ့လာမယ့် NNER အမေရိကန်ရောက်


ဒီမိုကရေစီပညာရေး လေ့လာမယ့် NNER အဖွဲ့ (သတင်းဓါတ်ပုံ- NNER)
ဒီမိုကရေစီပညာရေး လေ့လာမယ့် NNER အဖွဲ့ (သတင်းဓါတ်ပုံ- NNER)

မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNERအဖွဲ့ဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့အတွေ့အကြုံနဲ့ အကြံပြုချက်တွေကိုရယူဖို့ အမေရိကန်ပြည်ထောင်စုကို သုံးပတ်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေပါတယ်။

NNER အဖွဲ့က မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကောင်းမွန်လာစေဖို့ နောင်တက်လာမယ့်အစိုးရသစ်က မသင်မနေရ အခမဲ့ပညာရေးစနစ်ကို နိုင်ငံရေးရည်မှန်းချက်ထားပြီး အကောင်အထည်ဖေါ် လုပ်ဆောင်ဖို့လိုလားနေတာပါ။ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်ကို ပြီးခဲ့တဲ့သတင်းပတ်တွင်းရောက်ရှိလာတဲ့ မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ပညာရေးစနစ်ကိုလေ့လာဖို့ ဆန္ဒရှိတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင်က ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ကျနော်တို့ရောက်တဲ့နိုင်ငံတွေက ဒီမိုကရေစီပညာရေးစနစ်ကို ကျနော်တို့က အဓိကလေ့လာမှာပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ အထူးသဖြင့်တော့ ဒီမိုကရေစီပြောင်းလဲတဲ့နိုင်ငံတွေမှာ ဘယ်လိုမျိုးပညာရေးပြုပြင်ပြောင်းလဲမှုလုပ်သလဲ။ ဘယ်လိုမျိုး စီမံခန့်ခွဲသလဲ။ ဘယ်လိုတွေသင်ကြားသလဲ စသဖြင့် အဲဒါတွေကို ကျတော်တို့လေ့လာဖို့က အဓိကပါ။ နောက်တခါ ရောက်တဲ့နေရာတိုင်းမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေရောက်နေတာလည်းတွေ့တယ်။ သူတို့ရောက်တဲ့နိုင်ငံက အတွေ့အကြုံတွေ သူတို့ဆီက ကျနော်တို့ သင်ယူပါတယ်။ နောက်ကျနော်တို့ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကိုလည်း တင်ပြပြီးတော့ အကြံဉာဏ်ပေးဖို့ပေါ့၊ ကျနော်တို့ လွဲနေတာရှိရင်လည်းတည့်ပေးဖို့ပေါ့ ။ အဲဒီအတွက် ကျနော်တို့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။”

ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကိုလေ့လာမယ့်အစီအစဉ်ရှိကြောင်းလည်း NNER ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုစိုးထွန်းက ပြောပါတယ်။

“ဒီ အမေရိကန် ဆိုတာလည်းအခု ကမ္ဘာ့ထိပ်သီးနိုင်ငံတခု၊ ပညာရေးမှာလည်း ထိပ်တန်းရောက်တဲ့နိုင်ငံတခု ဖြစ်တော့ ဒီ အမေရိကန် မှာရှိတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ပညာရှင်တွေ၊ ပါမောက္ခတွေ ဒီမှာ အခွင့်ရရင်လေ့လာပြီးတော့ ကျနော်တို့တိုင်းပြည်ရဲ့လိုအပ်ချက်တွေ ကို နိုင်ငံတကာအတွေ့အကြုံကသင်ခန်းစာယူပြီးတော့ ဒီမှာလည်း ကိုယ့်တိုင်းပြည်အခြေအနေနဲ့ကိုက်ညီအောင် ဘယ်လိုပြုပြင်ပြီးတော့ ဆောင်ရွက်သွားမလဲဆိုတဲ့ရည်ရွယ်ချက်တွေပေါ့နော်။”

ပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ NNER ကတင်ပြထားတဲ့အချက်တွေထဲမှာ အထူးသဖြင့် အခမဲ့ပညာရေးစနစ် ကို အတန်းပညာ (၉)တန်းအထိ သတ်မှတ်ထားပေမဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရ အခက်အခဲတွေရှိမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့တက်လာချိန်မှာ နိုင်ငံရေးရည်မှန်းချက်တခုအနေနဲ့ ချမှတ်အကောင်အထည်ဖေါ်ဖို့လိုတယ်လို့ ဒေါက်တာသိန်းလွင်ကပြောပါတယ်။

“လက်ရှိအခြေအနေမှာ အကောင်အထည်ဖေါ်ဖို့ခက်တယ်။ ဒီ်အကောင်အထည်ဖေါ်ဖို့ခက်တဲ့အချိန်မှာ ကတိပေးဖို့ခက်တယ်ဆိုတာလည်း ကျနော်တို့နားလည်တယ်။ ဒါပေမယ့် လိုအပ်ချက်ရှိတယ်ဆိုတာ ကျနော်တို့တင်ပြတာပါ။ ဒီအတွက် ကလေးအားလုံးကျောင်းနေခွင့်ရအောင် အခမဲ့တင်မဟုတ်ဘူး မသင်မနေရဖြစ်ဖို့။ မသင်မနေရဖြစ်ဖို့ဆိုတာက ဘယ်ဒေသမဆို ကလေးအားလုံး သင်နိုင်အောင်ဆောင်ရွက်ပေးဖို့ပဲ။ အဲဒီအတွက် နိုင်ငံမှာ တာဝန်ရှိတယ်။ နိုင်ငံကနေပြီးတော့ ဒါကို တာဝန်ယူလုပ်ပေးဖို့ ၊ လိုအပ်ချက်အားလုံးဖြည့်ဆည်းပြီး ကလေးတွေကျောင်းနေနိုင်အောင် ၊ ကျောင်းမရှိတဲ့ ကျေးရွာတွေမှာ ကျောင်းဆောက်မယ်။ ဆရာမလုံလောက်ရင် ဖြည့်ဆည်းပေးမယ်။ နောက်အရည်အသွေးရှိအောင်လုပ်ပေးမယ်။ သွားရေးလာရေးလွယ်အောင်လုပ်ပေးမယ်။ နိုင်ငံကနေ ၊ အစိုးရကနေ တာဝန်ယူလုပ်ပေးဖို့ ကျနော်တို့ကဖြစ်စေချင်တယ်။ အဲဒီအတွက် ဥပဒေပြဌာန်းပေးစေချင်တယ်။ ဒီဥပဒေ ရှိမှ လိုက်နာဆောင်ရွက်မှာကို ။ ဒါကြောင့်ကျနော်တို့က ဥပဒေမှာ မသင်မနေရ အခမဲ့ ပညာရေးပြဌာန်းပြီးတော့ ဒါကိုဖြစ်အောင်ဆောင်ရွက်ဖို့။”

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း စနေနေ့က ဆိုက်ကားဆရာတွေနဲ့တွေ့ဆုံပွဲမှာ အခမဲ့ပညာရေးစနစ်ဖြစ်အောင် ဦးတည်ပြီးလုပ်သွားမှာဖြစ်ပေမဲ့ တိုင်းပြည်ရဲ့ ဘတ်ဂျက်ဘဏ္ဍာငွေပေါ်မှာ အခြေခံပြီး ဆောင်ရွက်ရမှာဖြစ်တာကြောင့် အခမဲ့ပညာရေးစနစ်ဖြစ်လာဖို့ဆိုတာ မလွယ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

NNER ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအပါအဝင် ကျောင်းသားတွေတောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပညာရှင်တွေစုစည်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး နည်းပညာ ကျွမ်းကျင်မှုပိုင်းကနေ ကျောင်းသားတွေကို အကူအညီပေးနေတာဖြစ်ပါတယ်။ အခုအမေရိကန်ပြည်ထောင်စုရဲ့ခရီးစဉ်မှာ ကာလီဖိုးနီးယား၊ ဝါရှင်တန်နဲ့ အင်ဒီယားနားပြည်နယ်တွေက မြန်မာမိသားစုတွေနဲ့ NNER ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဖို့ရှိပါတယ်။

XS
SM
MD
LG