ရုရှားအစိုးရက အီရန်နိုင်ငံကို S – 300 အမျိုးအစား အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ်ရောင်းချဖို့ စီစဉ်နေတဲ့ကိစ္စအပေါ် စိုးရိမ် ပူပန်ကြောင်း သမ္မတအိုဘားမား အစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။ အီရန်အပေါ် လက်နက်ရောင်းချခွင့် ပိတ်ပင်ထားတာကို ရုရှားသမ္မတ Vladimir Putin က ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီးတဲ့နောက်မှာ အခုလို အဆင့်မြင့် လက်နက်တွေ ရောင်းချဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။
အဲဒီ S – 300 အမျိုးအစား အဆင့်မြင့် လေကြောင်း ကာကွယ်ရေးစနစ် အီရန်ကို ရောင်းချမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ရုရှားအစိုးရသိအောင် အမေရိကန်အစိုးရက ပြောကြားထားပြီးဖြစ်ကြောင်း၊ မကြာသေးခင်ကပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံစဉ် အဲဒီကိစ္စကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ထပ်မံ ပြောကြားခဲ့သေးကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ပြောပါတယ်။
ဒေသတွင်းမှာရှိတဲ့ မဟာမိတ်နိုင်ငံတွေရဲ့လုံခြုံရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူး အလေးအနက်ထားတယ်ဆိုတာ ရုရှားနိုင်ငံက နားလည် သဘောပေါက်ကြောင်း Josh Earnest က ပြောပါတယ်။
အီရန်နိုင်ငံကို S – 300 အမျိုးအစား အဆင့်မြင့် လေကြောင်း ကာကွယ်ရေးစံနစ် ရောင်းချမှု ပိတ်ပင်ထားချက်ကို သမ္မတပူတင်က ပြန်လည် ရုပ်သိမ်း ပေးလိုက်ကြောင်း ရုရှားအစိုးရ အင်တာနက် ဝက်ဘ်ဆိုက်မှာ တနင်္လာနေ့ အစောပိုင်းတုန်းက ဖော်ပြထားတာပါ။
အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော် တန်ဖိုးရှိတဲ့ အီရန်ကို အဲဒီ S – 300 အမျိုးအစား အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ် ၅ ခု ရောင်းချဖို့ ရုရှားက ၂၀၀၇ ခုနှစ်မှာ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။