သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားပိတ်ခဲ့တဲ့ ရေနံပိုက်လိုင်း တည်ဆောက်မှု Trump ပြန်အသက်သွင်း


သမ္မတ Donald Trump က အမေရိကန်နိုင်ငံ အလယ်ပိုင်းမှာ ရေနံပိုက်လိုင်း ၂ ခု တည်ဆောက်မယ့် စီမံကိန်းတွေကို ခွင့်ပြုလိုက်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၄ ရက်က သူအစားထိုး တာဝန်ယူလိုက်တဲ့ သမ္မတ Barack Obama လက်ထက်မှာ ချမှတ်ခဲ့တဲ့ ပေါ်လစီတွေကို ပယ်ဖျက်လိုက်တဲ့ အထဲက သမ္မတသစ်အနေနဲ့ နောက်ဆုံးလုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

ကနေဒါနိုင်ငံကနေ ရေနံစိမ်းပါတဲ့ သဲနှုန်းမြေတွေကို အမေရိကန်နိုင်ငံ မက္ကဆီကိုပင်လယ်ကွေ့မှာရှိတဲ့ ရေနံချက်စက်ရုံတွေကို သယ်ဆောင်ပေးမယ့် Keystone XL ပိုက်လိုင်း စီမံကိန်းနဲ့ မြောက် Dakota ပြည်နယ်က ရေနံတွေကို Illinois ပြည်နယ်အထိ သယ်ဆောင်ပေးမယ့် Dakota ပိုက်လိုင်း စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြန်လည် လုပ်ဆောင်ဖို့ သမ္မတ Trump က Executive Order လို့ခေါ်တဲ့ သမ္မတ အမိန့်ကို လက်မှတ်ထိုးလိုက်ပါတယ်။

ကာလအတန်ကြာ ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတ အိုဘားမားက Keystone စီမံကိန်းကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

မနှစ်တုန်းကလည်း Standding Rock Sioux တိုင်းရင်း အမေရိကန်သားတွေနဲ့ သူတို့ကို ထောက်ခံသူတွေက Dakota ပိုက်လိုင်းတည်ဆောက်မယ်ဆိုရင် သူတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ သောက်သုံးရေ ရရှိရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် အမေရိကန် အင်ဂျင်နီယာ တပ်ဖွဲ့က ပိုက်လိုင်း တည်ဆောက်နိုင်တဲ့ တခြား လမ်းကြောင်းသစ် ရှာဖွေမယ်ဆိုပြီး အဲဒီ အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။

Keystone ပိုက်လိုင်း စီမံကိန်းအတွက် ကနေဒါနိုင်ငံနဲ့ ပြန်လည် ဆွေးနွေး ညှိနှိုင်းမှာဖြစ်ကြောင်း၊ သဘောတူညီချက် အသစ်တွေကို ကနေဒါဘက်က လက်ခံမယ်ဆိုရင်တော့ ပိုက်လိုင်း ဆောက်နိုင် မဆောက်နိုင် လေ့လာသွားမှာဖြစ်ကြောင်း၊ ဒီစီမံကိန်းကနေ အလုပ်အကိုင်ပေါင်း ၂၈,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မျာ ဖြစ်တဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့ ဆောက်လုပ်ရေး စီမံကိန်းဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG