ဥရောပတလွှားမှာ ရဲတွေက အကြမ်းဖက်သမားလို့ သံသယရှိသူ ဒါဇင်နဲ့ ချီပြီး ဖမ်းဆီးနေချိန်မှာပဲ အစ္စလာမ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့အတွက် အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိန် နိုင်ငံတွေ လက်တွဲ ဆောင်ရွက် မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဝါရှင်တန် ဒီစီမှာ အမေရိကန် သမ္မတ Barack Obama နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron တို့တွေ့ဆုံ အပြီး အခုလို ပြောကြား ခဲ့ကြတာ ဖြစ်ပါတယ်။အမေရိကန် သမ္မတ ဘားရက်အိုဘားမားက အမေရိကန် ပြည်ထောင်စုဟာ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်ကို ပြင်သစ်နဲ့ တကွ မဟာမိတ် အားလုံးနဲ့ အတူ ဆက်လက်ရပ်တည်ပြီး တိုက်ဖျက် သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သလို ပြီးခဲ့တဲ့ သီတင်းပါတ်တုန်းက ပြင်သစ်မှာ အတိုက်ခိုက်ခံခဲ့ရတာ အတွက် တရားမျှတမှု ရအောင်လုပ်ဆောင်ရာမှာ ကူညီမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံဟာ ကိုယ့်ကို အန္တရာယ်ပေးချင်တဲ့ သူတွေရဲ့ နိုင်ငံတွင်း လုံခြုံရေး ခြိမ်းခြောက်မှုတွေ ကို ခံနေကြရတယ်လို့ ပြောကြားခဲ့ပြီး အနောက်နိုင်ငံတွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်နေတဲ့ အစ္စလာမ် အစွန်းရောက်တွေဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ အဆိပ်အတောက်တွေကို စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားကြတယ်လို့ ဆိုပါတယ်။
ဥရောပတလွှားမှာ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမဏီနဲ့ အိုင်ယာလန် နိုင်ငံတွေမှာ သောကြာနေ့က အကြမ်းဖက်သမားလို့ သံသယရှိသူ ၂ ဒါဇင်ကျော်လောက်ကို ဖမ်းဆီးခဲ့သလို နောက်ထပ် တိုက်ခိုက်မှုတွေ ခံရနိုင်တာမို့ သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပါတ်တုန်းက လူ ၁၇ ဦးသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေမယ်လို့ သံသယရှိသူ ၁၂ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံမှာတော့ ရဲအရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ သံသယရှိသူ အစ္စလာမ်မစ် အဖွဲ့ဝင်တွေရှိရာနေရာတွေကို နိုင်ငံတလွှား ရှာဖွေစီးနင်းခဲ့ပြီး လူပေါင်း ၁၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။