လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) က ပြည်သူတွေကို တိုက်ခိုက်နေတာတွေ မရပ်သရွေ့၊ အာဏာကို မစွန့်သရွေ့ စစ်ဆင်ရေးတွေကို ဆက်ပြီး လုပ်သွားမယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့က ပြောလိုက်ပါတယ်။
လန်ဒန်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ခေါင်းဆောင် ၂ ဦးရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့ကြတာပါ။
သမ္မတ အိုဘားမားက ဗြိတိသျှ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်တွေကို ဒီကနေ့ မိန့်ခွန်းပြောခဲ့ပါသေးတယ်။ ကမ္ဘာတဝန်း လုံခြုံရေးအတွက် ဆောင်ရွက်မှုတွေမှာ ဥရောပဟာ အမေရိကန်နဲ့အတူ အဓိက နေရာက လုပ်သွားဖို့ကိစ္စ ပြောဆိုခဲ့ပါတယ်။ လစ်ဗျားခေါင်းဆောင် ဂဒါဖီကို ဖိအားပေးတာတွေ လျှော့သွားမှာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
ဗြိတိန်အနေနဲ့ကလည်း ဖိအားတွေ ပိုပေးဖို့ နည်းလမ်းအားလုံးကို ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံလုံးရဲ့ ရည်ရွယ်ချက်ကတော့ လစ်ဗျားပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်နိုင်ကြဖို့ပဲလို့ ခေါင်းဆောင် ၂ ဦးက ဆိုပါတယ်။
လစ်ဗျားမှာ မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေက နောက်ဆုံးမှာ အောင်မြင်လိမ့်မယ်၊ ဒါပေမဲ့ လုပ်ငန်းစဉ်တွေကတော့ ဖြည်းဖြည်းနဲ့ မှန်မှန် သွားလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆာ့ဒ် (Bashar al-Assad) ကိုလည်း ဖိအားတွေ ပိုပြီး ပေးသွားမယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတွေနဲ့ မြောက်အာဖရိက နိုင်ငံတွေက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေအတွက် အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းစဉ် တခုနဲ့ နိုင်ငံရေးအရ အားပေးမှုတွေ လုပ်သွားဖို့ ကိစ္စတွေကို အခုတပတ်အတွင်း ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် စက်မှုအင်အားကြီး ၈ နိုင်ငံရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားနဲ့အတူ တွန်းအားပေး ပြောဆိုသွားကြမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေဘက်က လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ သူတွေဘက်က ရပ်တည်သွားကြဖို့ သဘောတူထားကြတယ်လို့လည်း ဆိုပါတယ်။