သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ဆတိုးကြိုးပမ်းဖို့ ကုလတိုက်တွန်း


ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံး သွားတဲ့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ချီးကျုးလိုက်သလို စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို နှစ်ဆတိုးလုပ်ဆောင်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲမှှုတွေ နောက်ပြန်ဆုတ်မသွားစေဖို့ အခုရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရခဲ့တဲ့ NLD နဲ့ တခြားဒီမိုကရေစီ အင်အားစုတွေနဲ့ အစိုးရက လက်တွဲဆောင်ရွက်ဖို့ အရေးပါ ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မမှန်မကန် လုပ်ဆောင်မှုတချို့ ရှိခဲ့တာကို ကုလသမဂ္ဂက သိရှိထားပေမဲ့ အားလုံးကိုခြုံကြည့်ရင် ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပြီး အောင်အောင်မြင်မြင် ဖြစ်ခဲ့တာ မို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ကြိုဆိုဂုဏ်ပြုကြောင်း တနင်္လာနေ့မှာ ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းမှု ရေရှည်ခိုင်မာစေဖို့၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရဖို့ နှစ်ဆတိုး လုပ်ဖို့ တိုက်တွန်းလိုက်တယ်လို့ အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ မစ္စ အိရိ ကာနေ ကို (Eri Kaneko) က ဗွီအိုအေကို ပြောပါတယ်။

“တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စံနစ်တကျ ရှိခဲ့တာ မို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က မြန်မာအစိုးရ နဲ့ တကွ နိုင်ငံရေးပါတီတွေကို ချီးကြူးဂုဏ်ပြု ကြောင်း ကြေငြာချက် ထုတ်ပြန် လိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ ကောင်းတဲ့ အနာဂတ်ရှိလာစေဖို့ ရှေ့ရှု့တဲ့ အရေးပါတဲ့ ခြေလှမ်းတရပ်မို့ ဒီလို တိုးတက်မှုမျိုး ဖြစ်လာအောင် လုပ်ဆောင်ရဲတဲ့ အမြင်ရှိတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်ကို အတွင်းရေးမှုးချုပ်က အထူးအားဖြင့် အသိမှတ်ပြုလိုက်ပါတယ်။ ဒါ့ပြင် ဒီရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်အောင် လုပ်ဆောင်ခဲ့ကြတဲ့ အစိုးရနဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီအဖွဲ့အစည်း တွေကပုဂ္ဂိုလ်တွေ အားလုံးရဲ့ အပြု သဘောဆောင် လုပ်ရပ်တွေကိုလည်း မှတ်တမ်းတင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ငြိမ်းချမ်းမှု ရေရှည် ခိုင်မာ စေဖို့နဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အဖွဲ့အစည်းပေါင်းစုံက နှစ်ဆတိုး ကျိုးစားကြဖို့ပါ တိုက်တွန်းလိုက်ပါတယ်။”

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ (William Hague) လည်း မြန်မာလူထုနဲ့တကွ မြန်မာလူထု အားထား ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြင်မှု အတွက် ဂုဏ်ပြုလိုက်ပြီး ဒါဟာ သမိုင်းဝင် ရလဒ် တခု ဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါပြင် သမ္မတ ဦးသိန်းစိန် ရဲ့ အခုလုပ်ဆောင် နေတဲ့ ပြောင်းလဲမှုတွေအတွက် ကြိုဆိုအားပေး ဂုဏ်ပြုကြောင်း ပြောကြားလိုက်သလို ဒီပြောင်းလဲမှု ရေရှည် တည်တံ့ နိုင်ဖို့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆက်ပြီး လက်တွဲ ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီပြောင်းလဲမှုတွေ အတွက် အကူညီတွေ ပေးဖို့ အသင့်ပဲလို့လည်း ပြောပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူကရော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကပါ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ဝိုင်းဝန်း ကူညီ မဲ ပေးခဲ့တဲ့ ပြည်သူတွေကိုရော၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီရဲ့ အောင်မြင်မှုအတွက်လည်း ချီးကြူးဂုဏ်ယူပါကြောင်းပြောဆိုလိုက်ပါတယ်။

အခုလို ကုလသမဂ္ဂ နဲ့တကွ အနောက်နိုင်ငံတွေက ကြိုဆိုနေချိန်မှာပဲ မြန်မာ့အရေး စောင့်ကြည့် အကဲခတ် နေသူ တွေကတော့ စောင့် ကြည့်ဖို့လိုနေပါသေးတယ်လို့ ထောက်ပြကြပါတယ်။ Rutgers တက္ကသိုလ်က ပါမောက္ခ Joseph Silverstein ကတော့ ဒါဟာ ဒီမိုကရေစီရေး တိုးတက်လာတဲ့ ခြေလှမ်း တရပ်ဖြစ်ပေမယ့် စောင့်ကြည့်ဖို့လိုတယ်လို့ ဆိုပါတယ်။

“ရှေ့ ဘာဆက် ဖြစ်လာမယ် ဆိုတာကို ကျွန်တော်တို့ စောင့် ကြည့်ကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD အဖွဲ့က ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ လူတိုင်း ကိုယ့်ဆန္ဒ ကိုယ်ထုတ်ဖေါ် ပြောဆိုလာကြဖို့ တွန်းအားပေး လာနိုင်မယ် ဆိုရင်၊ အရင် မပြောရဲ မဆိုရဲ ရှိနေ သူတွေပါ။ တချို့ အရေးပါတဲ့ ပြဿနာတွေ အတွက် ပါဝင်ပြောင်းလဲ ရပ်တည်လာနိုင်ကြမှာမို့ ဒါဟာ ဒီမိုကရေစီရေး ပြောင်းလဲမှုမှာ တိုးတက်လာတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။”

အခုလို ရွေးကောက်ပွဲကျင်းပပေးပြီး ဒီရွေးကောက်ပွဲအတွက် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေကို ပါ လာရောက်ဖို့ ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်နေမှု တွေဟာ အမေရိကန်နဲ့ တကွ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းပေး ဖို့ လုပ်ဆောင်နေတာလို့ အများက မြင်နေကြတာပါ။ ဒါပေမယ့် အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီက အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Joshua Kurlantzick ကတော့ ချက်ချင်း ရုတ်သိမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။

“မြန်မာနိုင်ငံက ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အရေးပါတာမှန်ပေမယ့် အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားမှုကို ချက်ချင်းကြီး ရုတ်သိမ်းပေးလိမ့်မယ် လို့တော့ ကျွန်တော် မထင်ပါဘူး။ NLD နဲ့ လွှတ်တော်အသစ် ကနေ နောင် လာမယ့် သုံးနှစ်မှာ ဘာတွေ ဆက်လုပ် လာနိုင် မယ် ဆိုတာကို သူတို့ စောင့်ကြည့်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်။”

အိမ်နီးချင်း ဖိလစ်ပိုင် နိုင်ငံရဲ့ သမ္မတ ဘင်နင်နို အကွီနို (Benigno Aquino) ကတော့ အခုကြားဖြတ် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် လမ်းပွင့်သွားတာတမျိုးလို့ ပြောပါတယ်။

XS
SM
MD
LG