သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ဒေါ်လာ သန်း ၁,၀၀၀ အမေရိကန်ချေးငွေ ထောက်ပံ့


ယူကရိန်းနိုင်ငံ Kyiv မြို့မှာ ကျဆုံးသွားသူတွေရဲ့ အမှတ်တရဗိမာန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်္ဂါနေ့က သွားရောက်လည်ပတ်စဉ်။
ယူကရိန်းနိုင်ငံ Kyiv မြို့မှာ ကျဆုံးသွားသူတွေရဲ့ အမှတ်တရဗိမာန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်္ဂါနေ့က သွားရောက်လည်ပတ်စဉ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စိတ်ဝမ်းကွဲနေကြတဲ့ ယူကရိန်းနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ဒေါ်လာသန်း ၁,၀၀၀ ချေးငွေ အထောက်အကူ ပေးမယ်လို့ ကြေညာဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ Kyiv မြို့တော်ကို အင်္ဂါနေ့မှာပဲ ရောက်ရှိသွားခဲ့ပါတယ်။

မစ္စတာ Kerry က ယူကရိန်းကြားဖြတ်အစိုးရအပေါ် အမေရိကန်ရဲ့ထောက်ခံမှု ပြသနေချိန်မှာပဲ ရုရှားသမ္မတ Vladimir Putin ကတော့ ယူကရိန်းနိုင်ငံထဲမှာ ရှိနေတဲ့ ရုရှားနွယ်ဖွားတွေကို အကာအကွယ်ပေးရေးမှာ နည်းမျိုးစုံသုံးဖို့ အဆင်သင့်ပဲလို့ ပြောသွားပါတယ်။ ဒါပေမဲ့ အင်အားသုံးဖို့ မလိုလောက်ဘူးလို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံက အာဏာအပြောင်းအလဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနည်းကျ မဟုတ်တဲ့ အာဏာသိမ်းမှုဖြစ်ပြီး၊ အာဏာကို လက်နက်နဲ့ အရယူလိုက်တာပဲလို့ ယူကရိန်းနိုင်ငံမှာ သမ္မတ Viktor Yanukovych က Kyiv မြို့်တော်ကနေ ထွက်ပြေးသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောကြားမှုအဖြစ် သမ္မတ Putin က ပြောသွားပြီး ပြန်အရွေးခံရကိန်း မရှိတော့ပေမဲ့ မစ္စတာ Yanukovych ကပဲ ယူကရိန်းရဲ့ တရားဝင်ခေါင်းဆောင်ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံ Crimea ဒေသမှာ ရုရှားစစ်တပ်က ဝင်ရောက်နေရာယူထားမှုနဲ့ ပတ်သတ်ပြီး ပြဿနာ ကြီးထွားလာနေချိန်မှာပဲ အခုလို မစ္စတာ Putin ပြောသွားတာ ဖြစ်ပါတယ်။ ဒီလို ရုရှားတပ်တွေ ယူကရိန်းထဲ ဝင်နေရာယူလို့ အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ် အနောက်နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ စဉ်းစားနေတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ ယူကရိန်းနိုင်ငံမှာ ရောက်ရှိနေတုန်း ယူကရိန်းကြားဖြတ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ယူကရိန်းရဲ့ အချုပ်အခြာ ပိုင်စိုးမှုအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ထပ်လောင်း ပြသလိမ့်မှာ ဖြစ်ပါတယ်။

သူပေးအပ်ဖို့ရှိတဲ့ ချေးငွေတွေကလည်း အဆိုပြုထားတဲ့ ယူကရိန်းပြည်သူတွေအပေါ် စွမ်းအင်ပေးဝေမှု လျှော့ချမှုကနေ ဖြစ်လာမယ့် ရိုက်ခတ်မှု နည်းပါးအောင်လုပ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
XS
SM
MD
LG