သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောလူ့အခွင့်အရေး အခြေအနေ နိုင်ငံတကာသံအဖွဲ့ ၂ ရက်ကြာ ကွင်းဆင်းလေ့လာ


အမေရိကန်သံအမတ်ကြီး Scot Marciel၊ မြန်မာဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံတကာသံတမန်တွေ မောင်တောဒေသကို ရောက်ရှိလေ့လာနေစဉ် (ဓါတ်ပုံ- MOI)
အမေရိကန်သံအမတ်ကြီး Scot Marciel၊ မြန်မာဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံတကာသံတမန်တွေ မောင်တောဒေသကို ရောက်ရှိလေ့လာနေစဉ် (ဓါတ်ပုံ- MOI)

ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာလုံခြုံရေးတပ်တွေဘက်က လူ့အခွင့် အရေး ချိုးဖောက်မှုတွေရှိခဲ့ကြောင်း စွပ်စွဲချက်တွေကို အသေအချာ စုံစမ်းစစ်ဆေး ဖို့နဲ့ ဒေသခံတွေ ဘေးကင်းလုံခြုံစေရေး ဆောင်ရွက်ပေးဖို့ အမေရိကန်ပြည်ထောင်စု က မြန်မာအစိုးရကိုတိုက်တွန်းလိုက်ပါတယ်။

အလားတူ အဲဒီဒေသမှာ အကာကွယ်မဲ့နေတဲ့သူတွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပုံမှန်ပြန်ပြီး ခွင့်ပြုဖို့လည်း ကုလသမဂ္ဂက မနေ့က မြန်မာအစိုးရကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို နှစ်ရက်ကြာ သွားရောက် လေ့ လာနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ သံတမန်ကိုယ် စားလှယ်အဖွဲ့ ထဲမှာ အမေရိကန် သံအမတ်ကြီး Scot Marciel လဲပါဝင်ကြောင်းနဲ့ နောက်ပိုင်းမှာလဲ အခုလို ဆက်လက်ပြီး အစိုးရအဖွဲ့ရော၊ နိုင်ငံတကာအဖွဲ့တွေပါ သွားရောက် အကဲခတ်ခွင့်ရဖို့ မျှော်လင့်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က မနေ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောသွားပါတယ်။

“အောက်တိုဘာလ (၉)ရက်နေ့က ရဲစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီး နောက်ဆက်တွဲ လူ့အခွင်အ့ရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခဲ့တာပါ။ သံအမတ်ကြီးနဲ့ အခြားကိုယ်စားလှယ်အဖွဲ့တွေဟာ ဒေသခံလူမှု အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး လက်တွေ့ ဖြစ်ရပ် အခြေအနေ အကြောင်း ကို မေးမြန်းခွင့်ရခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ပထမခြေလှမ်းဖြစ်ပြီး အဲဒီဒေသမှာ အစိုးရအဖွဲ့ရော နိုင်ငံတကာ အဖွဲ့အစည်းတွေပါ ဆက်လက်လေ့လာ အကဲခတ်ခွင့်ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဒါအပြင် မောင်တောဒေသမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အသေအချာ စုံစမ်းစစ်ဆေးဖို့ အမေရိကန်သံ အမတ်ကြီး Scot Marciel က မြန်မာအာဏာပိုင်တွေကို အလေးအနက် တိုက်တွန်းခဲ့ကြောင်း John Kirby ကဆိုပါတယ်။

“သံအမတ်ကြီးအနေနဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ မြန်မာအစိုးရ အရာရှိတွေကို အလေးအနက်အသိပေးခဲ့တာက လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက် မှုတွေဖြစ်ပွား ကြောင်းထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေ ကို သေသေချာချာစုံ စမ်း စစ်ဆေးပြီး ဒေသခံအားလုံးကိုလည်း ဘေးကင်း လုံခြုံစေဖို့အပြင် လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ အပြည့်အဝရရှိနိုင်ဖို့ အချက်တွေ ကို ပြောခဲ့ ပါတယ်။”

အလားတူ မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလအတွင်းရေး မှူးချုပ်ရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ မှာလည်း မောင်တောဒေသ ဘက်ကို ရောက် ရှိနေတဲ့ နိုင်ငံတကာ ကိုယ်စားလှယ်အ ဖွဲ့အခြေအနေနဲ့ပတ် သက်လို့ ပြောခွင့် ရပုဂ္ဂိုလ် Stéphane Dujarric ကအခုလိုပြောသွားပါတယ်။

“ကုလသမဂ္ဂအနေနဲ့ မေတ္တာရပ်ခံနေတာက ကန့်သတ်မှုတွေမပါတဲ့ ခွင့်ပြုချက်ဖြစ်ပါတယ်။ ဒါမှသာ ကုလသမဂ္ဂဝန်ထမ်းတွေအနေနဲ့ အဲဒီဒေသမှာ လိုအပ်ချက်အတွက် အကဲဖြတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်မှာဖြစ်ပြီး အရေးပေါ်လိုအပ်မှုတွေကိုလည်း ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို ကုလသမဂ္ဂ က ပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို ပြန်ပြီး စတင်နိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၉)ရက်နေ့ကတည်းက မောင်တောဒေ သမှာလူ သားချင်းစာနာမှုဆိုင်ရာ ထောက်ပံမှုလုပ်ငန်းတွေ ရပ်ဆိုင်းခံခဲ့ရတာကြောင့် လူပေါင်း ၁၅၀,၀၀၀ ကျော်ဟာ သူတို့အတွက် ပုံမှန်ထောက်ပံနေတဲ့ ငွေကြေး၊ စားနပ်ရိက္ခာနဲ့ အဟာရ အကူအညီတွေကို မရခဲ့ကြပါဘူူ။ ကလေးပေါင်း ၃,၀၀၀ ကျော်ဟာ အလွန် စိုးရိမ်ရလောက်အောင် အာဟာရချို့တဲ့နေပြီး သူတို့အနေနဲ့ ပုံမှန်အသက်ရှင်သန်နိုင်အရေးအတွက် အထောက်အကူတွေရဖို့ လိုအပ်နေပါတယ်။”

အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောနဲ့ ရသေ့တောင်မြို့နယ် က ကျေးရွာတွေ မှာ နယ်မြေရှင်းလင်းရေးကြောင့် အဲဒီဒေသအတွက် ပုံမှန်ထောက်ပံနေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရပ်ဆိုင်းခံထားရဆဲဖြစ်ကြောင်း UNOCHA ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူး Pierre Peron က အခုလို ပြောပါ တယ်။

“လက်ရှိ အချိန်မှာ အဟာရချို့တဲ့နေတယ်လို့ ကျနော်တို့ တွေ့ရှိခဲ့တဲ့ ကလေးတွေကို စပြီး ကျနော်တို့ အကူညီပေးနေတာတွေကို ညတွင်းချင်းရပ်ဆိုင်းခံခဲ့ရတဲ့အတွက် သိပ်ကို စိုးရိမ်စရာကောင်းပါတယ်။ အခြေအနေတွေဟာ ဆိုးရွားနေပါတယ်။”

လက်ရှိ မောင်တောဒေသမှာ လူသားချင်းစာနာမှုအကူ အညီတွေလိုအပ်နေ တဲ့နေ ရာတွေမှာ အမြန်ဆုံးပံပိုးပေးနိုင်ဖို့ လိုအပ်နေကြောင်း Pierre Peron ကတ ဆက် တည်း ပြောသွားပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့ အနေ နဲ့ မောင်တောဒေသဘက်မှာ နိုင်ငံတကာအထောက်အပံတွေကို ရပ်စဲထားခြင်း မရှိသလို လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG