သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ဒုက္ခသည်တွေ ကူညီရေး နိုင်ငံတကာ တိုက်တွန်း


ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ အဓိကရုဏ်းတွေကြောင့် ထွက်ပြေး နေကြရတဲ့ ဒုက္ခတွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ လက်ခံ ကူညီဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အလားတူပဲ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR ကလည်း မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်နှင်ထုတ်ခဲ့တဲ့ အပေါ်မှာ စိုးရိမ်ကြောင်း ပြောဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ အဓိကရုဏ်းတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက လမ်းကနေ ဖြတ်ပြီး ပင်လယ်ထဲ ပြန်လည် နှင်ထုတ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့အပေါ်မှာ စိုးရိမ်မှု ဖြစ်ရကြောင်းကို အမေရိကန် ပြည်ထောင်စုကရော ကုလသမဂ္ဂ တို့ကပါ ထုတ်ဖော် ပြောဆိုခဲ့ကြတာပါ။ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရသူ Victoria Nuland က အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လမ်းကနေဖြတ်ပြီး နှင်ထုတ်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ကိစ္စ ကျမတို့ အထူး စိုးရိမ်မှု ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်တွေနဲ့အညီ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ ကျမတို့ တိုက်တွန်းပါတယ်။ အကာအကွယ်မဲ့နေတဲ့ ဒုက္ခသည်တွေကို အန္တရာယ်ရှိတဲ့ မူရင်းဒေသကို ပြန်ပို့လို့မရဘူးဆိုတဲ့ အရင်ကတည်းကရှိလာခဲ့တဲ့ နိုင်ငံတကာမူဝါဒကို ဆက်ပြီး လေးစားလိုက်နာဖို့လည်း တိုက်တွန်းပါတယ်။”

လက်ရှိ ပဋိပက္ခကို အကြမ်းဖက်တဲ့နည်း မဖြေရှင်းဘဲ တွေ့ဆုံ ဆွေးနွေးမှုတွေကတဆင့် ဖြေရှင်းဖို့ အရေးကြီးတဲ့ အကြောင်းနဲ့ နှစ်ဘက်စလုံးက အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတဲ့ အကြောင်းလည်း မစ် နျူလန်က ပြောသွားပါတယ်။

အလားတူပဲ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR ကလည်း မြန်မာနိုင်ငံဘက်ခြမ်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ပြန်လည် နှင်ထုတ်ခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုဖြစ်ရကြောင်းနဲ့ ဒါနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ရှင်းလင်းချက် တောင်းခံထားတဲ့အကြောင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards က ဂျနီဗာမြို့မှာ ဇွန်လ ၁၂ ရက် သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အရင်က ဒီလို ဒုက္ခသည်တွေကို ဆေးဝါးကုသခွင့် ပေးခဲ့တာတွေ ရှိခဲ့သလိုပဲ အခုလည်း အလားတူ ဆေးဝါးနဲ့ နေရာထိုင်ခင်း အကူအညီတွေ ပေးသွားဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒုက္ခသည်တွေ အဓိက ဝင်ရောက်နိုင်တဲ့ ဂိတ်တွေမှာ စောင့်ကြပ် အကူအညီပေးနိုင်ဖို့ UNHCR က ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် Vijay Nambiar ကလည်း မနေ့က ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့တဲ့ အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က ပြောပါတယ်။

“အင်္ဂါနေ့က မြန်မာအကြီးတန်း ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားဟာ ဗုဒ္ဓဟူးနေ့က ရခိုင်ကြပည်နယ်ကို သွားရောက်ခဲ့ပါတယ်။ သူ့ခရီးစဉ် အဓိက ရည်ရွယ်ချက်ကတော့ ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်တွင်း ဘယ်လို အကူအညီတွေ ဆက်ပြီး ပေးနိုင်မလဲ ဆိုတဲ့ အခြေအနေတွေကို သွားရောက် လေ့လာ စမ်းစစ်ဖို့ဖြစ်ပါတယ်။”

ဒါကတော့ မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ကလည်း မနေ့က ဇွန်လ ၁၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ဘာသာရေးနဲ့ လူမျိုးရေး တင်းမာမှုတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်စေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နှစ်ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့နဲ့ တရားဥပဒေကို လေးစားလိုက်နာပြီး အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ကြဖို့ ကိုလည်း မစ္စတာ ကင်တားနားက တိုက်တွန်းထားပါတယ်။ လုံခြုံရေး ကိုင်တွယ်ဆောင်ရွက်မှုတွေဟာလည်း လူ့အခွင့်အရေး သတ်မှတ်ချက်စံညွန်းတွေနဲ့ အညီ ဖြစ်သင့်တဲ့အကြောင်းနဲ့ အကြမ်းဖက်မှုတွေ ပိုပြီးကြီးထွားမလာစေဖို့ တားမြစ်ရာမှာ တာဝန်သိ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးတဲ့အကြောင်းတွေကိုလည်း မစ္စတာ ကင်တားနားက သူ့ရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်ရှင်။

XS
SM
MD
LG