သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇နှစ်ခွဲ အတွင်း ကန် အလုပ်လက်မဲ့နှုန်း ကျဆင်း


အမေရိကန် ပြည်ထောင်စုရဲ့ အလုပ်လက်မဲ့ နှုန်း (ဇွန် ၂၀၁၅)
အမေရိကန် ပြည်ထောင်စုရဲ့ အလုပ်လက်မဲ့ နှုန်း (ဇွန် ၂၀၁၅)

အမေရိကန် ပြည်ထောင်စုရဲ့ အလုပ်လက်မဲ့ နှုန်းထားဟာ ၇ နှစ်ခွဲတာ ကာလ အတွင်း အနိမ့်ဆုံး အဆင့်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ၅ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ ဒါဟာဆိုရင် ဇူလိုင်လက ရှိခဲ့တဲ့ နှုန်းထက် ဒသမ ၂ ရာခိုင်နှုန်း လျော့သွားတာလည်း ဖြစ်ပါတယ်။

အမေရိကန် စီးပွားရေးဟာ အသားတင် အလုပ်အကိုင်ပေါင်း ၁ သိန်း ၇ သောင်း ၃ ထောင်ဖန်တီးပေးနိုင်ခဲ့တယ်လို့ အမေရိကန် အလုပ်သမားရေးရာ ဌာနက ဒီကနေ့ သောကြာနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒီပမာဏက စီးပွားရေး ပညာရှင် အများစုတို့ ခန့်မှန်းခဲ့ကြတာ ထက်တော့ လျော့နည်း ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်း ကဏ္ဍတို့ကနေ အလုပ်အကိုင်သစ်တွေ ရရှိခဲ့ပေမယ့် သတ္တုတူးဖော်ရေးနဲ့ ကုန်ထုတ်လုပ်ရေးပိုင်းမှာတော့ အလုပ်အကိုင်တို့ ဆုံးရှုံးခဲ့ကြတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

အမေရိကန် အလုပ်သမား ဌာနက အခု ထုတ်ပြန်တဲ့ အစီရင်ခံစာ အချက်အလက် တို့ကို အဓိက မှီငြမ်းပြီး အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း စံသတ်မှတ်ချက်ကို ဘယ်အချိန်မှာ ဘယ်လောက် တိုးမြှင့်မလဲ ဆိုတာကို ဆုံးဖြတ်မှာလည်း ဖြစ်ပါတယ်။

အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းထားကလည်း ဘဏ္ဍာရေး အကျပ်အတည်းကနေ စီးပွားရေး ပြန်လည် ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နေရတဲ့ ၂၀၀၈ ခုနှစ်ကတည်းက စလို့ အနိမ့်ဆုံး ဖြစ်နေပါတယ်။ အလုပ်လက်မဲ့နှုန်း ကျဆင်းလာတာကြောင့် စီးပွားရေး ပြန်လည် ထူထောင်ရေးမှာ အတိုးနှုန်း နည်းနည်း နဲ့ ရှေ့ဆက်ပြီး ထောက်ပံ့ပေး ဖို့ မလိုအပ်တော့ဘူးဆိုတဲ့ သဘော လက္ခဏာ ဆောင်ပါတယ်။

ဒါပေမယ့်လည်း အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ ပမာဏအပေါ်မှာ ကျေနပ်အားရ စရာ မရှိသေးတာကြောင့်တော့ လတ်တလောမှာ အတိုးနှုန်း မြှင့်မယ့် အရေးကို လည်း ဆိုင်းငံ့ ထားသင့်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို အထောက်အပံ့ ဖြစ်စေမယ့် အနေအထားလည်း ရှိနေပါတယ်။

XS
SM
MD
LG