သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမုန်းတရားနဲ့ အကြမ်းဖက် လှုံ့ဆော်မှု အရေးယူဖို့ ကုလ တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ရန်ကုန်ကို ဆိုက်ရောက်စဉ်။ (ဇန် ၆၊ ၂၀၁၅)
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ရန်ကုန်ကို ဆိုက်ရောက်စဉ်။ (ဇန် ၆၊ ၂၀၁၅)

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို မြန်မာနိုင်ငံမှာ လူသိရှင်ကြား စော်ကားမော်ကား ပြောဆိုတာတွေ၊ အမုန်းပွားအောင် လှုံ့ဆော်ဟောပြောတာတွေ ကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။ အမုန်းတရားနဲ့ Ms. Lee ကို ထပ်ခါတလဲလဲ တိုက်ခိုက် ပြုမူပြောဆိုနေတာတွေကိုလည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ရှုတ်ချလိုက်တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

မတ်လ (၂၀)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ အဖွဲ့ရဲ့ ကြေညာချက်မှာ မကြာသေးခင် သီတင်းပတ်တွေတုန်းကလည်း Ms. Yanghee Lee ကို ပုဂ္ဂိုလ်ရေးအရစော်ကားတိုက်ခိုက်ပြောဆိုပြီး လူသိရှင်ကြား ခြိမ်းခြောက်တဲ့ဟောပြောပွဲတွေ မြန်မာနိုင်ငံမှာ အနည်းဆုံးနှစ်ကြိမ်လောက်ပြုလုပ်ခဲ့ တယ်လို့ ဖေါ်ပြထားတာပါ။

ဒီဟောပြောပွဲတွေဟာ မြန်မာအစိုးရအနေနဲ့တိုက်ရိုက်မပတ်သက်ဘူးဆိုပေမယ့် ဒီလိုတိုက်ခိုက်ပြောဆိုချက်တွေကို မြန်မာအစိုးရအနေနဲ့ အရေးယူဖြေရှင်းဆောင်ရွက်ဖို့ ၊ Ms. Yanghee Lee ကို အမုန်းတရားနဲ့ အကြမ်းဖက်အောင် လှုံ့ဆော်တာတွေကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူပေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ အဖွဲ့အနေနဲ့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ဒါအပြင် ကုလသမဂ္ဂ တာဝန်အပ်နှင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ လာရောက်တဲ့Ms. Lee ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် မြန်မာအစိုးရ အနေနဲ့ အပြည့်အ၀ တာဝန်ယူဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။

ဇန်နဝါရီလက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် အပြီးမှာလည်း ဦးဝီရသူက စကားလုံး ကြမ်းကြမ်းတမ်းတမ်းသုံးပြီး အများပြည်သူရှေ့ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

ဒီလို ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါး အနေနဲ့ ပြုမူပြောဆိုတယ်ဆိုရင် သာသနာညှိုနွမ်းစေမှု၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်မှုစတဲ့ ပုဒ်မတွေနဲ့အရေးယူလို့ရတယ်လို့ ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးကပြောပါတယ်။

" Ms. Yanghee Lee ရဲ့ အစီရင်ခံစာအပေါ်မှာ မတ်လ ၁၀ရက်နေ့တုန်းက ထုတ်ပြန်တဲ့ အစိုးရရဲ့ တုန့်ပြန်မှုကို ကြည့်ရင် ကျနော်တို့ အဲ့ဒီ့မှာ ရှာပြီးတော့ တွေ့နိုင်တယ်။ အဲ့တော့ အဲ့ဒီ့မှာ လူတဦးချင်းကိုသော်လည်းကောင်း၊ လူမျိုးတမျိုးနဲ့ တမျိုးကိုသော်လည်းကောင်း၊ လူတစုနဲ့ တစုကိုသော်လည်းကောင်း၊ အမုန်းပွားအောင် လှုံ့ဆော်ဖန်တီးတဲ့ စကားတွေကို ပြောဆိုတယ်ဆိုလို့ရှိရင် ထိရောက်စွာ အရေးယူနေပါတယ်ဆိုပြီးတော့မှ မြန်မာအစိုးရကနေပြီးတော့ စာရေးဆရာ ထင်လင်းဦးကို အရေးယူခဲ့တဲ့ဟာကို သာဓက ပြပြီးတော့ အမှုစွဲဆိုထားတာတွေ ရှိပါတယ်။ အဲ့တော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Ms. Yanghee Lee အပေါ်မှာ အခု ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတပါးကနေပြီးတော့ ဒီလိုမျိုး ရဟန်းတော် ကျင့်ဝတ်တွေနဲ့ မညီအောင် ပြောဆိုချက်တွေကို မြန်မာ အစိုးရအနေနဲ့ နောက်ကွယ်ကနေ တမင်ဖန်တီးပြီး လုပ်ဆောင်နေသလား၊ လူတဦးနဲ့တဦး အမုန်းပွားအောင် စီမံဖန်တီးနေသလားဆိုတာတွေကို သံသယကင်းကင်းဖြစ်သွားအောင် လုပ်မယ်ဆိုရင်တော့ မြန်မာပြည်တွင်းမှာ ပြဌာန်း ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ထိုက်သင့်တဲ့ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ လိုတယ်လို့ပဲ ကျနော်ကတော့ ပြောချင်တယ်။"

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ အကဲဖြတ်အစီရင်ခံစာတွေကို ကန့်ကွက်ခွင့်၊ ဝေဖန်ပြောဆိုခွင့်ဆိုတာရှိပေမဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း (၄၇)နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်အပြည့် အပ်နှင်းထားတဲ့ အထူး ကိုယ်စားလှယ်တွေကို အကြမ်းဖက်ခြိမ်းခြောက်တာ၊ လူသိရှင်ကြားစော်ကားမော်ကားပြောတာတွေကို ကုလသမဂ္ဂအနေနဲ့ လက်မခံနိုင်ဘူးလို့ သောကြာနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်ပါ။ ဒါကြောင့် သံတမန်ရေးအရ လာရောက်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို တိုက်ခိုက်ပြောဆိုတာတွေကို မြန်မာအစိုးရအနေနဲ့ အရေးယူဆောင်ရွက် သင့်တယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။

" ကျနော်တို့ မြန်မာနိုင်ငံရဲ့ပုံရိပ်ပေါ့နော်။ ညိုးနွမ်းပျက်စီးစေတဲ့ အတွက် ဒါမျိုးကိုတော့ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ကျနော်တို့ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ လူ့အခွင့်အရေးကောင်စီကလည်း ခန့်အပ်ထားတာဖြစ်တယ်။ အဖွဲ့ဝင်အဖြစ် ကျနော်တို့ မြန်မာနိုင်ငံကလည်း ပါဝင်နေတာဖြစ်တယ်။ အဲ့တော့ ဒီလိုမျိုး သံခင်းတမန်ခင်း လာတဲ့သူကို မခြေမငံ ဆက်ဆံတဲ့ ကိစ္စရပ်မျိုး ကတော့ ထိုက်သင့်တဲ့ အရေးယူမှုမျိုး ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။"

ဇန်နဝါရီလ (၁၆)ရက်နေ့က Ms. Yanghee Lee ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ဦးဝီရသူက တိုက်ခိုက်ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Husseinu ကိုယ်တိုင်လည်း ဇန်နဝါရီလ (၂၂)ရက်နေ့က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။

XS
SM
MD
LG