သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလုပ်ငန်းက ကျွန်ပြုခိုင်းစေမှုများ အရေးယူဖို့ ကန် တိုက်တွန်း


ထိုင်းနိုင်ငံတွင်းက ငါးဖမ်းလုပ်ငန်းခွင်။
ထိုင်းနိုင်ငံတွင်းက ငါးဖမ်းလုပ်ငန်းခွင်။

နိုင်ငံခြားကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကျွန်ပြုခိုင်းစေနေတဲ့ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေကို အရေးယူ ဖြိုခွင်းပေးဖို့ အမေရိကန် အစိုးရနဲ့ လုပ်ငန်းရှင်ကြီးတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။ မနေ့က ထုတ်ပြန်ခဲ့တဲ့ အေပီ သတင်းတပုဒ်မှာ ထိုင်းနိုင်ငံက ပင်လယ်ရေထွက် ပစ္စည်းတွေဟာ အိမ်နီးချင်းမြန်မာနဲ့ တခြားဆင်းရဲတဲ့ နိုင်ငံတွေက အလုပ်သမားတွေကို ကျွန်ပြုခိုင်းစေပြီး အမေရိကန်နိုင်ငံက စူပါမားကက်တွေ၊ စားသောက်ဆိုင်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်စာ ရောင်းတဲ့ ဆိုင်ကြီးတွေကို ဖြန့်နေကြောင်း အချက်အလက် အပြည့်အစုံ ဖေါ်ပြရေးသားထားတာပါ။

အခုလို လူကုန်အကူးခံရမှုတွေနဲ့ အတူ၊ လူ့အခွင့်ရေးချိုးဖေါက်ခံနေရတဲ့ ထိုင်းနိုင်ငံ ငါးလုပ်ငန်းကထွက်တဲ့ ပင်လယ်စာ အများအပြားကို အမေရိကန်နိုင်ငံကို တင်သွင်းနေတာနဲ့ ပါတ်သက်ပြီး မနေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အထူးစိုးရိမ်ကြောင်း နဲ့ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်အောင် လုပ်ဆောင်ဖို့ တောင်းဆို လိုက်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဂျန်ဆာကီက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးကို အောက်ခြေ စံနှုံး ပြည့်မှီအောင်တောင် မလုပ်နိုင်တဲ့အတွက် အမည်မည်းစားရင်းသွင်းထားတယ် လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၁.၆ သန်းရှိကြောင်းနဲ့ အများစုဟာ ငါးလုပ်ငန်းတွေမှာ လုပ်ကိုင်နေပြီး အခုအစိုးရဆီမှာ မှတ်ပုံတင်ကြရသလို သူတို့ကို ထိုင်းလုပ်သားတွေလိုပဲ အကာအကွယ်တွေ ပေးထားတယ် လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ငါးလုပ်ငန်းမှာ လုပ်နေတဲ့ ငါးဖမ်းလှေ ၇၇၀၀ ကျော် အတွက် စောင့်ကြည့်စက်တွေ တပ်ဆင်ဖို့ စီစဉ်ထားပြီး အနီးကပ် စစ်ဆေးမှုတွေကို ပိုလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ထိုင်းအစိုးရဟာ အလုပ်သမားတွေအတွက် လုပ်ခလစာသတ်မှတ်ပေးတာ၊ နာမကျန်းခွင့်ပေးတာနဲ့ ၁၄ နာရီထက် ပိုပြီးအလုပ်မခိုင်းစေဖို့လို လုပ်အားအဓမ္မ ခိုင်းစေမှုတွေအတွက် ဥပဒေသစ်တွေ ပြဌာန်းပေးခဲ့ပေမယ့် လုံလောက်မှု မရှိကြောင်းနဲ့ ငါးလုပ်ငန်းက နိုင်ငံခြားလုပ်သားတွေ ညှင်းပမ်းနှိပ်စက် ခံရမှုနဲ့ ပါတ်သက်ပြီး အရေးယူလုပ်ဆောင်ဖို့လိုတယ်လို့ ဝေဖန်ကြပါတယ်။

XS
SM
MD
LG