သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး အရေး မြန်မာကို ကန် ဆက်လက် ဖိအားပေး


လှေစီးပြေး ၂၀၀ကျော် မြန်မာရေတပ် တွေ့ရှိ။ သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန။
လှေစီးပြေး ၂၀၀ကျော် မြန်မာရေတပ် တွေ့ရှိ။ သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန။

ဒေသတွင်းမှာ လူကုန်ကူးမှုပြဿနာတွေ ကြီးထွားလာနေ တာကြောင့် မြန်မာအစိုးရ အနေ နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူတွေနဲ့ လူမှောင်ခိုကူးမှု ပြဿနာကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်း ဖို့ လိုအပ်နေပြီလို့ - အမေရိကန်အစိုးရ က သောကြာနေ့ မှာ ပြောကြား လိုက်ပါတယ်။ လက်ရှိ ဒေသတွင်းနိုင်ငံတွေမှာပါ ဂယက် ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ တဲ့ လှေစီးပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဝိုင်းဝန်းဖြေရှင်းကြ ဖို့ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံ တကာက တိုက် တွန်းပြောဆိုနေချိန်မှာပဲ - ပထမဆုံး အကြိမ် အနေနဲ့ မြန်မာရေ တပ်ကနေ - ဘင်္ဂလား ပင်လယ်အော် အတွင်း က မြန်မာရေပိုင်နက် ထဲမှာ လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော် ကို ကယ်တင်လိုက်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပေးပါမယ်။

ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်ကြမယ့် လှေစီးပြေးဒုက္ခသည် ၂၀၈ ယောက်ကို တင်ဆောင်လာတဲ့ စက်လှေ ၂ စင်းကို မနေ့ သောကြာနေ့က ရခိုင်ပြည်နယ် မောင်တောမြို့ အနီးက မြန်မာရေပိုင်နက်အတွင်းမှာ မြန်မာရေတပ်ကကယ်တင်ခဲ့ပြီး လောလောဆယ် သူတို့ကို မောင်တောမြို့တောင်ဘက်မှာရှိတဲ့ ယာယီဒုက္ခသည်စခန်းမှာ အရေးပေါ် အကူအညီတွေကို ပေးအပ်ထားပါတယ်။

အခုလို ပြောင်းရွှေ့အခြေချနေထိုင်မှုတွေ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေ ကို မြန်မာ အစိုးရအနေနဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းသွားဖို့ အမေရိကန်အစိုးရက ဆက်လက် ဖိအားပေးသွားမယ် ဆိုတဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တဦးက အခုလို ပြောဆိုခဲ့ပါတယ်။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်းဖြစ်နေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အများ သိအောင်ပဲဖြစ်ဖြစ်၊ တိုးတိုး တိတ်တိတ်ပဲ ဖြစ်ဖြစ် မြန်မာ အစိုးရကို တလျှောက်လုံး ပြောဆိုနေ တာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းနေထိုင် မှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇစ်မြစ်ကို ဖြေရှင်းဖို့ ကတိပြုထားတဲ့အတိုင်း အရေးတကြီးဆောင်ရွက်ဖို့လိုအပ်နေတာတွေ ရခိုင်ပြည်နယ်မှာ နိုင်ငံရေး၊ လူမှုရေးနဲ့လူသားချင်း စာနာရမယ့် ကိစတွေကြောင့် ရိုက်ခတ်လာတဲ့ အခြေအနေတွေကို တိုးတက်အောင်လုပ်ဖို့တွေကိုလည်း အလေးထား ပြောဆိုနေတာပါ။”

ဒါ့အပြင် လူမှောင်ခိုကူးမှုပြဿနာတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း အမေရိကန်အစိုးရအနေနဲ့ ဆက်ပြီး ဖိအားပေး သွားမှာဖြစ်တဲ့အကြောင်းလည်း သူက အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ လူမှောင်ခိုကူးသူတွေအပေါ် ထိထိရောက်ရောက် အရေးယူသွားဖို့အတွက် မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးသွားမှာပါ။ ရခိုင်ပြည်နယ်က လိုအပ်နေတဲ့သူတွေ လူသားချင်းစာနာမှု အကူအညီတွေကို လွတ်လွတ်လပ်လပ် ခံစားခွင့်ရဖို့၊ ရခိုင်ပြည်နယ်နဲ့ တခြားနေရာတွေမှာ ရှိကြတဲ့ နိုင်ငံမဲ့ဖြစ်နေသူတွေကို နိုင်ငံသားဖြစ်ခွင့်ရအောင် လမ်းဖွင့်ပေးဖို့၊ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြု လက်ခံဖို့ကိုလည်း မြန်မာအစိုးရကို ထပ်တလဲလဲ တိုက်တွန်းခဲ့ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး အန်သနီ ဘလင်ကန် (Antony Blinken) ကလည်း - အမေရိကန်စင်တာမှာ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း - လက်ရှိ ဒေသတွင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ လှေစီးပြေးဒုက္ခသည်တွေအရေးဟာ ဒေသတွင်းနိုင်ငံတွေအားလုံးနဲ့ သက်ဆိုင်တာကြောင့် - အတူဝိုင်းဝန်းဖြေရှင်းပြီး တာဝန်ခွဲဝေယူကြဖို့ လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အလားတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း - မြန်မာရေပိုင်နက်အတွင်းမှာ လှေစီးပြေးဒုက္ခသည် ၂၀၈ ယောက် ကို မြန်မာအစိုးရက ကယ်တင်ခဲ့တဲ့ကိစ္စအပေါ် ကြိုဆိုခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ UNHCR ရုံးအနေနဲ့လည်း ဒီဒုက္ခသည်တွေအတွက် ရေ၊ အစားအစာ၊ ဆေးဝါးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အရေးပေါ်အကူအညီတွေ ပေးအပ်နိုင် ဖို့ မြန်မာ တာဝန်ရှိသူတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်နေတဲ့ အကြောင်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပင်လယ်ပြင်ထဲမှာ လှေစီးပြေးဒုက္ခသည် ၃၅၀၀ လောက် ရှိနေနိုင်သေးတယ်လို့ UNHCR က ခန့်မှန်းထားပြီး၊ ဒီလူတွေကို မကြာခင် ကျရောက်တော့မယ့် မိုးရာသီမတိုင်ခင် အချိန်မီ ကယ်တင်နိုင်ဖို့ လိုအပ်တယ်လို့လည်း UNHCR ရဲ့ သောကြာနေ့ က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG