သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်နိုင်ကျဉ်းအားလုံး ပြန်လွတ်ပေးဖို့ အမေရိကန်တောင်းဆို


ဗီယက်နမ် လူ့အခွင့်အရေးရှေ့နေ Nguyen Van Dai တရားရုံးမှာ ထွက်ဆိုနေစဉ်။
ဗီယက်နမ် လူ့အခွင့်အရေးရှေ့နေ Nguyen Van Dai တရားရုံးမှာ ထွက်ဆိုနေစဉ်။

ဗီယက်နမ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွတ်ပေးပြီး လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေကို အနှောက်အယှက် ပေးနေတာတွေကို ရပ်တန့်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ လာမယ့် မေလအတွင်း သမ္မတ Barack Obama ဗီယက်နမ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် မလည်ပတ်ခင်မှာ အမေရိကန် အစိုးရ အရာရှိတွေက တရားဝင် တောင်းဆိုလိုက်တာပါ။

လူ့အခွင့်အရေးအခြေအနေ မြင့်တင်ရေးဟာ အမေရိကန်-ဗီယက်နမ် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အမေရိကန်အစိုးရ နိုင်ငံခြားရေးမူဝါဒမှာ အရေးပါတဲ့ကိစ္စရပ် တခုအဖြစ် ပါဝင်နေကြောင်း အမေရိကန်နဲ့ ဗီယက်နမ်အကြားက အကြိမ် ၂၀ မြောက် လူ့အခွင့်အရေး ဆွေးနွေးပွဲ ကျင်းပနေတဲ့အချိန်မှာပဲ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောကြားလိုက်တာပါ။

နှစ်နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုတွေထဲမှာ - ဥပဒေရေးရာ ပြုပြင် ပြောင်လဲမှု၊ တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ အလုပ်သမားအခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး၊ LGBT လို့ခေါ်တဲ့ လိင်တူချင်း ဆက်ဆံသူတွေနဲ့ လိင်တူ လိင်ကွဲ စိတ်ဝင်စားသူများအခွင့်အရေး စတဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာ တိုးတက်မှု ရှိစေရေးတို့အပြင် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုနဲ့ တခြား လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ စိုးရိမ်ပူပန်မှု စတာတွေ ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလလယ်တုန်းက ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတဲ့ လူ့အခွင့်အရေး ရှေ့နေ Nguyen Van Dai ရဲ့ အမှုနဲ့ပတ်သက်လို့လဲ စိုးရိမ် ပူပန်ကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG