ထိုင်းနိုင်ငံမြို့ တော်ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့အကြား မနေ့ညက ပဋိပက္ခတွေ ထပ်ပြီးဖြစ်ကြလို့ လူသေဆုံးမှုတွေ ထပ်ပြီးရှိလာခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် အမေရိကန် နိုင်ငံသားတွေ ဘန်ကောက်ကို ခရီးမသွားကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့တုန်းကပဲသတိပေးချက်ထုတ်ပါတယ်။
အရေးတကြီးကိစ္စမဟုတ်ဘဲနဲ့ ထိုင်းနိုင်ငံဆီ ခရီးမထွက်ကြဖို့နဲ့ ထိုင်းနိုင်ငံမှာ အရေးပေါ်ရှိနေရမယ့် အမေရိကန် အစိုးရအရာရှိတွေကလွဲလို့ ကျန်တဲ့ အမေရိကန် အစိုးရ၀န်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ ထိုင်းနိုင်ငံထဲကနေ ယာယီ ထွက်ခွာမယ်ဆိုရင် ထွက်ခွာဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုထားပါတယ်။
မနေ့ညက ပဋိပက္ခအပါအ၀င် ပြီးခဲ့တဲ့သုံးရက်အတွင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူ (၂၂) ဦးနဲ့ ဒဏ်ရာရသူတွေလည်း အနည်းဆုံး (၁၇၀) လောက်ရှိနေပါပြီ။
ထိခိုက်ဒဏ်ရာရတဲ့ သူတွေထဲမှာ နိုင်ငံခြားသတင်းထောက်တွေလည်း တော်တော်များများ ပါဝင်ပါတယ်။ ဆန္ဒပြသူတွေကိုရင်ဆိုင်ဖို့အရေး ထိုင်းအစိုးရက နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ၀န်ကြီးချုပ် အဘီဆစ်ဝပ်ချာဂျီဝပ် (Abhisit Vejjajiva) က မနေ့ကညပိုင်း ရုပ်မြင်သံကြားကနေပြောလိုက်ပါတယ်။
အစိုးရရဲ့  အစီအစဉ်ကတော့ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးနဲ့ အမြန်ဆုံး ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ပဲလို့ဆိုပါတယ်။ စနေနေ့ မနက်ပိုင်းတုန်းက ဘန်ကောက်မြို့ ဆင်ခြေဖုန်းက အဓိကကျတဲ့ အဝေးပြေးလမ်းဆုံတခုကို ဆန္ဒပြသူတွေသိမ်းပိုက်ခဲ့ပါတယ်။ ဘန်ကောက်မြို့  တော်မှာ ဖြစ်နေတဲ့ အခြေအနေတွေကတော့ ပြည်တွင်း စစ်ဖြစ်နေသလိုပဲလို့ အစိုးရဆန့်ကျင်ရေးဆန္ဒပြ ခေါင်းဆောင် ဂျတုပွန် ပရွမ်ပန် () ကပြောပါတယ်။ ဒါပေမဲ့လည်း ဖြိုခွင်းမှုတွေ ဘယ်လိုပဲလုပ်လုပ် ဝန်ကြီးချုပ် အဘီဆစ်ပြုတ်ကျသွားတဲ့အထိ ဆန္ဒပြ မှုတွေကို ဆက်ပြီးလုပ်သွားဖို့ သူတို့ဆုံးဖြတ်ထားကြတယ်လို့ဆိုပါတယ်။