သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးပဋိပက္ခ ပျံ့နှံ့မှု အမေရိကန်စိုးရိမ်


အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက်ပြောခွင့်ရသူ Patrick Ventrell
အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက်ပြောခွင့်ရသူ Patrick Ventrell
မိတ္ထီလာခရိုင်မှာစခဲ့တဲ့ အကြမ်းဖက်မှုတွေ တခြားမြို့နယ်တွေအထိ ပျံ့န့ှံဖြစ်ပွားနေတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ အခြေအနေကို ထိန်းသိမ်းဆောင်ရွက်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံတွင်း ခရီးသွားလာနေတဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ် ပွားနေတဲ့နေရာတွေကို ခရီးသွားလာတာတွေ မလုပ်ဖို့ ရန်ကုန် အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မိတ္ထီလာခရိုင်တွင်း ဘာသာရေး ပဋိပက္ခ အသွင်ဆောင်တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုအခါ ပဲခူးတိုင်းထဲက ဒေသတွေအထိ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း နိုင်ငံခြားရေးဌာန ယာယီ လက်ထောက်ပြောခွင့်ရသူ (Patrick Ventrell) က မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

“ပဲခူးမှာ လူမှုအသိုင်းအဝိုင်းကြားဖြစ်တဲ့ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ အလွန်အမင်း စိုးရိမ်နေတုန်းပဲ ဖြစ်ပါတယ်။ ဒါ အရင်ကျနော်တို့ပြောခဲ့တဲ့ မိတ္ထီလာမြို့ရဲ့ တောင်ဘက်ပိုင်းမှာ ဖြစ်ပါတယ်။ အစောပိုင်းက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ လူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေ အကြီးအကျယ် သေကျေပျက်စီးရတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ် ခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။”

အကြမ်းဖက်မှုတွေကြောင့် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရတဲ့ မိသားစုတွေ အပါအဝင် အားလုံးအတွက် အမေရိကန် ပြည်ထောင်စုက အထူးစိတ်မကောင်း ဖြစ်ရကြောင်းလည်း ဝမ်းနည်းစကား ပါးခဲ့သလို၊ လက်ရှိ အကြမ်းဖက်မှုတွေကို အာဏာပိုင်တွေအနေနဲ့ ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“မြန်မာအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားပြီး တရားဥပဒေနဲ့အညီ ကိုင်တွယ်မှုတွေနဲ့ တည်ငြိမ် အေးချမ်းတဲ့ အခြေအနေ ပြန်ရောက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ အိုးအိမ်မဲ့ခဲ့ရသူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးသွားဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ မြန်မာအစိုးရဘက်က ဥပဒေ စိုးမိုးရေးကိစ္စတွေမှာ ပြောင်းလဲကိုင်တွယ်လာတဲ့ အပေါ်မှာ ကျနော်တို့ဘက်ကလည်း အခုလို ပြုပြင် ပြောင်းလဲရေး ကာလမှာ သူတို့နဲ့ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

မိတ္ထီလာမြို့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူတွေအတွက် အရေးပေါ် အကူအညီအဖြစ် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁ သိန်း အကူအညီ ပေးအပ် သွားမယ့် အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့သလို ဒုက္ခသည်တွေ လိုအပ်တဲ့ တကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းတွေ၊ စောင်၊ ပလက်စတစ် အမိုးအကာ၊ အရေးပေါ် သောက်သုံးရေ စတဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်တဲ့အကြောင်း လည်း ပြောခွင့်ရသူက ပြောသွားခဲ့ပါတယ်။

မတူကွဲပြားတဲ့ ဘာသာရေး အယူအဆရှိသူတွေ အချင်းချင်းကြား သည်းခံစိတ်ထားပြီး အပြန်အလှန် လေးစားမှုရှိဖို့နဲ့ ဘာသာမတူသူတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ ဘာသာရေး ခေါင်းဆောင်တွေကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းက လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်က နိုးနိုးကြားကြား ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြောခွင့်ရသူ (Patrick Ventrell) က ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့ ဘယ်လို ဆက်ဆံနေတယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ မြန်မာနိုင်ငံဟာ ပြုပြင် ပြောင်းလဲဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတွေလှမ်းဖို့ ဆန္ဒရှိနေတဲ့ နိုင်ငံတခုအနေနဲ့ ဥပမာပါပဲ။ ကျနော်တို့ဘက်ကလည်း ဒါကို လုပ်ရပ် တခုချင်းအပေါ်မှာ တုံ့ပြန်တဲ့ မူဝါဒနဲ့အညီ ဆက်ပြီး တုံ့ပြန် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တစုံတရာ အထိအခိုက်မခံတဲ့ အနေအထားမှာ ရှိတယ်ဆိုတာကိုလည်း ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ ကျနော်တို့အနေနဲ့ နိုးနိုးကြားကြား ရှိရမှာပါ။ တရားဥပဒေ စိုးမိုးမှုရှိရေးနဲ့ သတင်း လွတ်လပ်ခွင့်လို တချို့ကိစ္စတွေမှာ အပြောင်းအလဲတချို့ ရှိလာတာလည်း ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီကိစ္စတွေကို အနီးကပ် ကြီးကြပ် စောင့်ကြည့်သွားမှာပါ။ မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးကိစ္စတွေနဲ့ တိုင်းရင်းသား ပြဿနာတွေကို ဘယ်လို အကောင်းဆုံး ကိုင်တွယ်နိုင်မလဲ ဆိုတဲ့ ကျနော်တို့ရဲ့အမြင်တွေကိုလည်း မြန်မာအာဏာပိုင်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။”

တိုင်းရင်းသား ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်သလို ဒီကိစ္စကို မျက်ခြေမပျက် စောင့်ကြည် သတိပေးတာတွေ လုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာ ရွှေဆိုင်တခုကနေ အစပြု အချင်းများရာကနေ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ရန်ကုန် အပါအဝင် တခြားမြို့နယ်တွေမှာပါ ပျံ့နှံ့လာတဲ့ အခြေအနေတချို့ ရှိတာကြောင့် မြန်မာနိုင်ငံတွင်း ခရီးလှည့်လည် သွားလာနေတဲ့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ ခရီးသွားလာရာမှာ သတိထားကြဖို့လည်း ရန်ကုန် အမေရိကန်သံရုံးက သတိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်မှုတွေ ပြင်းထန်ခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးတွင်း ခရီးသွားလာမှုတွေကို ရှောင်ရှားဖို့နဲ့ ရန်ကုန်မြို့မှာတော့ အကြမ်းဖက် ရန်လိုမှုတချို့ ရှိခဲ့တဲ့ ကန်တော်ကြီး အရှေ့ဘက်ခြမ်း ယုဇနပလာဇာနဲ့ မင်္ဂလာဈေးတဝိုက် သွားလာမှုတွေကို ရှောင်ရှားဖို့ အမေရိကန်သံရုံးက မနေ့ အင်္ဂါနေ့က သတိပေး ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG