သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ Kamala Harris အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာ့အရေး အာဆီယံကို ပိုမိုတွန်းအားပေးသင့်


U.S. Vice President Kamala Harris is in Singapore (August 23, 2021)
U.S. Vice President Kamala Harris is in Singapore (August 23, 2021)

အမေရိကန် ဒုသမ္မတ Kamala Harris ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာ့အရေးထိရောက်အောင်ဆောင်ရွက်ရေး အာဆီယံကို ပိုမိုတွန်းအားပေးဖို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူတွေက တိုက်တွန်းလိုက်ပါတယ်။


စင်္ကာပူဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ မြန်မာအကျပ်အတည်းကိစ္စ အလေးပေးဆွေးနွေးခဲ့ကြတာကို ကြိုဆိုပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူထားတဲ့ အမေရိကန်မူဝါဒအတိုင်း ဒေသတွင်းနိုင်ငံတွေအနေနဲ့ ပူးပေါင်းလိုက်ပါဆောင်ရွက်နိုင်ဖို့ အာဆီယံကို ဖိအားပေးသင့်ကြောင်း Campaign for a New Myanmar အဖွဲ့ အကြံပေး Mike Haack က ဗွီအိုအေကို အခုလိုပြောပါတယ်။


“အာဆီယံရဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်ရင် ဘယ်လို မူဝါဒချမှတ်သလဲဆိုတာ ပြန်ပြီးစဉ်းစားမယ်ဆိုရင် အမေရိကန် ဘယ်လိုပဲ လုပ်လုပ် သူတို့ဟာ တရုတ်နဲ့ အမေရိကန်ကြားအလယ်မှာပဲ ရပ်တည်တာပါ။ ဒါကြောင့် အခုချိန် ဒီလို ကြားရပ်တည်လို့ မရတော့ဘူးဆိုတာကို အမေရိကန်ဘက်က တတ်နိုင်သလောက် အာဆီယံကို ဖိအားပေးဖို့လိုပါတယ်။”

အရှေ့တောင်အာရှခေရီးစဉ်နဲ့ စင်္ကာပူကိုရောက်ရှိနေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris က မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မဖြစ်မနေ ကူညီဖို့ လိုအပ်တယ်ဆိုတာကို စကာၤပူ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ကြောင်း မနေ့က ပြုလုပ်တဲ့ စကာၤပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ အတူ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုသမ္မတKamala Harris ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးပါတဲ့အခန်းဏ္ဍအကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း ဒုသမ္မတ Harris က ထည့်သွင်းပြောဆိုပါတယ်။ အင်ဒို ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းတဲ့ ဒေသတခုဖြစ်ရေး မျှော်မှန်းချက်တွေကို ဝန်ကြီးချုပ် Lee Hsien Loong နဲ့ဆွေးနွေးပြောဆိုခဲ့တဲ့အကြောင်း ဒုသမ္မတ Harris က အလေးအနက် ပြောဆိုပါတယ်။

အမေရိကန် ဒုသမ္မတ Kamala Harris ဟာ အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် စင်္ကာပူနိုင်ငံကနေ ဒီကနေ့ အင်္ဂါနေ့ မှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။
--------------------------------------
တိုက်ရိုက် လင့်ခ်





XS
SM
MD
LG