သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒုသမ္မတ ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးဆွေးနွေး 


U.S. VP Harris visits Vietnam
U.S. VP Harris visits Vietnam

ဗီယက်နမ်နိုင်ငံနဲ့ မဟာဗျုဟာ ဆက်ဆံရေး ခိုင်မာအောင် ရည်ရွယ်ပြီး သွားရောက်နေတဲ့ ခရီးစဉ်အတွင်း ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်ဒုတိယသမ္မတ Kamala Harris က ကြာသပတေးနေ့ ဟနွိုင်မြို့မှာ ပြောလိုက်ပါတယ်။

အထူးသဖြင့် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအတိုက်အခံတွေကို လွှတ်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဒုသမ္မတက ပြောပေမဲ့ ရလဒ်ထွက်ခဲ့သလား ဆိုတာကိုတော့ မပြောပါဘူး။ အမေရိကန်အနေနဲ့ လိုအပ်တဲ့အခါ လူ့အခွင့်အရေး ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုသွားမယ်လို့သာ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တွေကို ထိန်းချုပ်မှုတွေနဲ့ နိုင်ငံရေး အတိုက်အခံအဖြစ် ယူဆသူတွေကို နှိမ်နင်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံကို အမေရိကန် အပါအဝင် နိုင်ငံတကာက ပြစ်တင်နေကြတာပါ။ ဒီလိုခက်ခဲတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အမေရိကန်က ဆွေးနွေးပြောဆိုဖို့ ဝန်မလေးဘူးလို့လည်း ဒုသမ္မတ Harris ကပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရုတ်နိုင်ငံကို အမေရိကန်က ဝေဖန်နေပေမဲ့ ဗီယက်နမ်နိုင်ငံနဲ့ ဆက်ဆံရေး ခိုင်မာအောင် ကြိုးစားနေတဲ့ အမေရိကန်ရဲ့ မူဝါဒအပေါ် သတင်းထောက် တယောက်က မေးခွန်းထုတ်တာကိုတော့ တိုက်ရိုက် အဖြေမပေးခဲ့ပါဘူး။

မိတ်ဖက်တွေနဲ့လည်း ခက်ခဲတဲ့ ကိစ္စတွေကို ဆွေးနွေးပြောဆိုရလေ့ ရှိတတ်ပြီး၊ ဗီယက်နမ်နိုင်ငံနဲ့ အမေရိကန်ဟာလည်း မိတ်ဖက်တွေ ဖြစ်တဲ့အကြောင်း ဒုသမ္မတက ပြောဆိုခဲ့တာပါ။ သီတင်းတပတ်ကြာ အရှေ့တောင်အာရှ ခရီးစဉ် နောက်ဆုံးအဖြစ် ဗီယက်နမ်နိုင်ငံကို မသွားခင် အမေရိကန် ဒုသမ္မတဟာ စင်္ကာပူနိုင်ငံကိုလည်း သွားရောက်ခဲ့ပြီး အစိုးရအဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါကို တန်ပြန်နိုင်ဖို့ ရည်ရွယ်တဲ့ ခရီးစဉ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ လူ့အခွင့်အရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အလေးထား ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အမေရိကန်က ကြိုးပမ်းရာမှာ ဒေသတွင်း နိုင်ငံတွေကလည်း အတူလက်တွဲ ပါဝင်ကြဖို့လည်း အခုခရီးစဉ်အတွင်း အမေရိကန် ဒုသမ္မတက တိုက်တွန်းထားပါတယ်။

----------------------------------





XS
SM
MD
LG