သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် ကွန်မြူနစ်ခေါင်းဆောင်ကို အိမ်ဖြူတော်ကြိုဆို


အမေရိကန်သမ္မတ Barack Obama ဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က တွေ့ဆုံဧည့်ခံခဲ့ပါတယ်။ ဒါဟာ အရင်ရန်ဘက် ၂ နိုင်ငံဟောင်းတို့ ဆက်ဆံရေး တိုးမြှင့်ဖို့ နောက်ဆုံးကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။

ဗီယက်နမ်စစ် ပြီးဆုံးတဲ့ နှစ် ၄၀ အထိမ်းအမှတ်ပြည့်ပြီး မကြာမီ ဗီယက်နမ် ကွန်မြူနစ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး Nguyen Phu Trong က အခုလို လာရောက် လည်ပတ်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် (၂၀) က ၂ နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်ထားရှိပြီးနောက် ပိုမိုရင်းနှီးမှု ရရှိလာတာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်တဝိုက် တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ဒေသန္တရအတွင်း တင်းမာမှုတွေ တိုးနေချိန်လည်းဖြစ်ပါတယ်။ မစ္စတာအိုဘားမား အနေနဲ့ ၂ နိုင်ငံ ဆက်ဆံရေး အားဖြည့်ပေးဖို့ နည်းလမ်းတွေ ဆွေးနွေးလိုတယ်လို့ အိမ်ဖြုတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် TPP ပစိဖိတ်ကမ်းနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု လူ့အခွင့်အရေးနဲ့ ၂ နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် တခြားကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ဖို့ အခွင့်အလမ်းကို သမ္မတက ကြိုဆိုတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ထရွန်ဟာ ဗီယက်နမ် ထိပ်တန်းခေါင်းဆောင်ဖြစ်ပေမဲ့ သူဟာ ရွေးကောက်တင်မြှောက်ခြင်း ခံရသူမဟုတ်ဘဲ အစိုးရမှာလည်း တရားဝင်ရာထူး မဟုတ်တဲ့အတွက် မစ္စတာအိုဘားမားနဲ့ အခုလိုတွေ့ဆုံမှုဟာ ထူးခြားတယ်လို့ ယူဆကြပါတယ်။

လူ့အခွင့်အရေး အုပ်စုတွေနဲ့ လွှတ်တော်အမတ်တွေက ဗီယက်နမ်အနေနဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ သမ္မတအိုဘားမား အနေနဲ့ ဆက်လက်ဖိအားပေးဖို့ တိုက်တွန်းခဲ့ကြပြီး တချို့ကတော့ ထရွန်ကို အခုလိုအိမ်ဖြူတော်က ကြိုဆိုဧည့်ခံမှု လုပ်သင့်မလုပ်သင့်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီအတောအတွင်း အမေရိကန်တဝှမ်းရှိ ဗီယက်နမ်နွယ်ဖွား အမေရိကန် နိုင်ငံသားတွေက အိမ်ဖြူတော်ရှေ့မှာ အင်္ဂါနေ့က စုဝေးခဲ့ကြပြီး ကွန်မြူနစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG