IS စစ်သွေးကြွတွေက အီရတ်နိုင်ငံ Ramadi မြို့ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ အောင်ပွဲခံကြောင်း ကြေညာခဲ့ပြီးတဲ့နောက် အီရတ်ဝန်ကြီးချုပ် Haider al-Abadi က အကူအညီပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အတွက် ရှီယိုက် ပြည်သူ့စစ်တွေဟာ တနင်္လာနေ့မှာ Ramadi မြို့ရဲ့ ဆင်ခြေဖုံးရှိရာကို ဦးတည် သွားရောက်နေကြပါတယ်။
ဒေသခံပြည်သူ့စစ်တပ်ဖွဲ့တွေက Anbar ခရိုင်ရဲ့မြို့တော်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး တန်ပြန် ထိုးစစ်ဆင်နိုင်ဖို့ အင်အားတွေ ဖြည့်တင်းပေးနိုင်ပါတယ်။ ဒီပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့လက Tikrit မြို့ပြန်လည်သိမ်းပိုက်ရေးမှာ အစိုးရတပ်ဖွဲ့တွေ၊ လူမျိုးစုနွယ်ဝင်တွေနဲ့အတူ လက်တွဲတိုက်ခိုက်ခဲ့သူတွေ ဖြစ်ပါတယ်။
Ramadi ကနေ တနင်္ဂနွေနေ့က ထွက်ပြေးခဲ့ကြတဲ့ အစိုးရတပ်တွေ၊ လူမျိုးစု တပ်ဖွဲ့တွေဟာ မြို့ရဲ့အရှေ့ဘက်စွန်းမှာ ပြန်ပြီး စုစည်းနေကြပါတယ်။ IS တွေအနေနဲ့ Baghdad ကို ချီတက်မလာနိုင်အောင် ပိတ်ဆို့ထားဖို့ ကြိုးပမ်းချက်လည်းဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက VOA ကို ပြောပါတယ်။
သမ္မတ Barack Obama ဟာလည်း နောက်ဆုံး ဖြစ်ပေါ် တိုးတက်နေတဲ့သတင်းတွေကို အဆက်မပြတ် လက်ခံရရှိနေတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ Ramadi မြို့ ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက် ပံ့ပိုးပေးသွားမယ့်အကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Eric Schultz က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ တနင်္ဂနွေနေ့ကတည်းက Ramadi မြို့ကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ရှစ်ကြိမ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Eric Schultz က ပြောပါတယ်။ ဒါနဲ့ပါဆိုရင် ပြီးခဲ့တဲ့ သီတင်း သုံးပတ်အတွင်း အလားတူတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ (၃၂) ကြိမ် ရှိပါပြီ။