မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ နျူကလီးယား ဆောင်ရွက်ချက်တွေ တိုးလုပ်နေတယ်ဆိုတဲ့ သတင်းတွေဟာ ဒေသတွင်း မတည်ငြိမ်စေမယ့်လမ်းကို ဆက်လျှောက်နေဆဲဆိုတာ ပြသနေတယ်လို့ အမေရိကန် စစ်ဘက် ထိပ်တန်း တာဝန်ရှိသူ တယောက်က ပြောလိုက်ပါတယ်။
အမေရိကန်တပ်များရဲ့ ပူးတွဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) က တနင်္ဂနွေနေ့က ရုပ်သံဌာနတခုနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားမှာ ပိတ်ထားတဲ့ ယုန်ဗြောင်း (Yongbyon) နျူကလီးယား စက်ရုံနားမှာ ဆောက်လုပ်ရေးတခု လုပ်နေပုံ ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အမေရိကန် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတခုဖြစ်တဲ့ သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး ကုမ္ပဏီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ဖော်ခဲ့ပါတယ်။
မကြာခင်ကပဲ မြောက်ကိုရီးယားကို သွားခဲ့တဲ့ အမေရိကန် နျူကလီးယားဆိုင်ရာ ကျွမ်းကျင်သူ တယောက်ကလည်း ဗဟိုခွာစက် Centrifuge ရာပေါင်းများစွာပါတဲ့ ယူရေနီယံ သန့်စင်ရေး စက်ရုံသစ်ကြီးတခုကို မြောက်ကိုရီးယား တာဝန်ရှိသူတွေက သူ့ကို ပြသခဲ့တယ်လို့ ပြောပါတယ်။
ကျွမ်းကျင်သူ Siegfried Hecker က ဒီလောက် ခေတ်မီ တိုးတက်နေတဲ့ စက်ကိရိယာတွေကို မြင်တွေ့ရတဲ့အတွက် အံအားသင့်ခဲ့ရတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ကိစ္စကို တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်တို့နဲ့ တိုင်ပင်ဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘော့စ်ဝါ့သ် (Stephen Bosworth) အခု အာရှမှာ ရောက်ရှိနေပါတယ်။