သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရှန်ပင်လယ်ကွေ့ပေါ် ပျံသန်းမှု ကန်လေကြောင်းတွေ သတိထားဖို့ သံတမန်တွေသတိပေး


ပါရှန် ပင်လယ်ကွေ့ အနီး စေလွှတ်ထားတဲ့ အမေရိကန်စစ်သင်္ဘော

အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ဆက်ဖြစ်နေချိန်မှာ ပါရှန် ပင်လယ်ကွေ့ အပေါ်က ပျံသန်းမှုတွေမှာ သတိထား အသုံးပြုဖို့ အမေရိကန် အရပ်ဖက် လေကြောင်းလိုင်းတွေကို အမေရိကန် သံတမန်တွေက သတိပေးထားပါတယ်။ အမေရိကန် ပြည်ထောင်စု လေကြောင်းပျံသန်းမှုဆိုင်ရာ စီမံခန့်ခွဲမှုဌာန FAA က သတိပေးချက်ကို ပထမဆုံး ထုတ်ပြန်ခဲ့ပြီးနောက် နှစ်ရက် အကြာမှာ ကူဝိတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE တို့က အမေရိကန် သံတမန်တွေက စနေနေ့မှာ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ များလာပြီး နိုင်ငံရေး တင်းမာမှုကလည်း တိုးနေချိန်မှာ ဒီဒေသပေါ်က ဖြတ်ပြီး အမေရိကန် လေကြောင်းလိုင်း လေယာဉ်တွေကို မှားယွင်းပြီး ပစ်မှတ်ထားလာနိုင်တဲ့ အန္တရာယ်ရှိကြောင်း အကြံပြု သတိပေးထားတာ ဖြစ်ပါတယ်။ လတ်တလော ရက်ပိုင်းတွေ အတွင်း တင်းမာမှုတွေကြောင့် အမေရိကန်နဲ့ အီရန်ကြား ပဋိပက္ခ ဖြစ်လာနိုင်ခြေ အပေါ်မှာ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

အီရန်ရဲ့ ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ ဆိုပြီး ဒါကို တုံ့ပြန်နိုင်ရေး အတွက် အမေရိကန်ဘက်က ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာဘဲ စစ်သဘောင်္တွေနဲ့ ဗုံးကျဲလေယာဉ်တွေကို ဒေသတွင်း စေလွှတ်ထားပါတယ်။ မရေရာ မရှင်းလင်းလှတဲ့ ခြိမ်းခြောက်မှုတွေကြောင့်ဘဲ အမေရိကန်ဘက်က အီရန် အပေါ်မှာ စီးပွားရေး အရ ဒဏ်ခတ်မှုတွေ ပိုလုပ်ခဲ့သလို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က အမေရိကန် သံရုံးက အရေးပေါ် မလိုအပ်တဲ့ ၀န်ထမ်းတွေကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ကူးလူးသွားလာမှုတွေမှာ ပါရှန် ပင်လယ်ကွေ့က အဓိက ၀င်ပေါက်တခုလည်း ဖြစ်ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု UAE ရဲ့ ဒူဘိုင်း နိုင်ငံတကာ လေဆိပ်ဟာဆိုရင် နိုင်ငံတကာ ခရီးသွားလာရေးမှာ ကမ္ဘာ့ အလုပ်အများဆုံး လေဆိပ်တခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG