အီရတ်နိုင်ငံက အမေရိကန်သံတမန်ဝန်ထမ်းတွေဘေးကင်းလုံခြုံရာမှာ ယာယီ ပြောင်းရွှေ့နေထိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ညွှန်ကြားပါတယ်။ အီရန်နဲ့ အီရတ်နိုင်ငံထဲက အီရန် မဟာမိတ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာအပြီးမှာ Pompeo က အခုလို ညွှန်ကြားခဲ့တာပါ။
အီရတ်နိုင်ငံက အမေရိကန်ဝန်ထမ်းတွေနဲ့ အသုံးပြုရာ အဆောက်အဦးတွေကို တိုက်ခိုက်အောင် လှုံ့ဆော်ပြီး ခြိမ်းခြောက်တာတွေ ရှိလာတာကြောင့် လုံခြုံရာကို ရွှေ့ပြောင်းနေထိုင်ဖို့ ညွှန်ကြား ခဲ့တာလို့ ကြေညာချက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ဒေသတွင်းက အမေရိကန် အဆောက် အဦးတွေကို အီရန်က တိုက်ခိုက်လာ နိုင်ခြေရှိတာနဲ့ ပတ်သက်လို့လည်း Pompeo က သတိပေးပါ တယ်။
အီရတ်နိုင်ငံနဲ့ ကမ္ဘာ့နေရာတိုင်းက အမေရိကန်တွေ၊ အမေရိကန် သံတမန်အဆောက်အဦးတွေ အပေါ် အီရန်က တိုက်ရိုက်ပဲဖြစ်ဖြစ်၊ အီရန်ရဲ့ ကိုယ်စားဘယ်သူကပဲဖြစ်ဖြစ် တိုက်ခိုက်လာမယ် ဆိုရင် ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အီရန်က တာဝန်ယူရမှာဖြစ်တယ်လို့ အီရန်အစိုးရကို အကြောင်းကြားထားတယ်ကြောင်း ဝန်ကြီး Pompeoကပြောပါတယ်။ အီရတ်နိုင်ငံအတွင်း အီရန်တွေရဲ့ သြဇာလွှမ်းမိုးလာမှုနဲ့ ပတ်သက်လို့ အခု သီတင်းပတ်အတွင်း ကျင်းပတဲ့ အမေရိကန် ကွန်ဂရက်စ်လွှတ်တော်က ကြားနာပွဲအပြီးမှာ နိုင်ငံခြားရေးဌာနက အခုလိုပြောလိုက်တာပါ။
မေလက ကျင်းပတဲ့ အီရတ်အထွေထွေရွေးကောက်ပွဲနောက်ပိုင်း အီရတ်အစိုးရအဖွဲ့ ပြန်လည် ဖွဲ့စည်းဖို့ ကြိုးပမ်းနေချိန်မှာ အီရန်နဲ့ သူတို့ရဲ့သစ္စာခံ အီရတ်နိုင်ငံက ရှီယတ်စစ်သွေးကြွတွေဟာ အစိုးရအဖွဲ့အပေါ် လွှမ်းမိုးလာနိုင်တာအပြင် အမေရိကန်က ပံ့ပိုးပေးထားတဲ့ လက်နက်တွေကိုလည်း ရရှိလာနိုင်ကြောင်း အမေရိကန်လွှတ်တော်အမတ်တွေနဲ့ စစ်ရေးနိုင်ငံရေး သုံးသပ်သူတွေက သတိပေးထားပါတယ်။