အမေရိကန်နိုင်ငံရဲ့ သံခင်းတမန်ခင်း ကြေးနန်းစာတွေကို နိုင်ငံတကာ သတင်းစာ တော်တော်များများကို ဝီကီ လိခ် (WikiLeaks) အင်တာနက် ဝက်ဘ်ဆိုက်က ထုတ်ပြန်ပေးလိုက်ပါတယ်။ အခုလို လုပ်လိုက်တဲ့အတွက် အမေရိကန် သမ္မတ အိမ်ဖြူတော်က ရှုတ်ချလိုက်ပါတယ်။
အမေရိကန်နိုင်ငံက ပါကစ္စတန်နိုင်ငံမှာ ရှိတဲ့ နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုကနေ အဆင့်မြင့် သန့်စင်ပြီး ယူရေနီယမ်တွေကို ဖယ်ရှားနိုင်အောင် ကြိုးစားခဲ့ကြောင်း ကြေးနန်းစာတွေထဲက တခုက ပြသနေတယ်လို့ နယူးယောက် တိုင်းမ် သတင်းစာကြီးက ဆိုပါတယ်။
အဲဒီ ယူရေနီယမ်တွေကို တရားမဝင် နျူကလီးယားလက်နက် လုပ်ဖို့ လွှဲပြောင်း ရောက်ရှိသွားမှာကို အမေရိကန် တာဝန်ရှိသူတွေက စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုထိတော့ အဲဒီလို ဖယ်ရှားနိုင်အောင် လုပ်နေတာ မအောင်မြင်သေးဘူးလို့ နယူးယောက် တိုင်းမ်က ဆိုပါတယ်။
တခြား ကြေးနန်းစာမှာတော့ တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီ နိုင်ငံရေး ဦးဆောင်အဖွဲ့က Google ကွန်ပျူတာစနစ်ကို တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့ကြောင်း တရုတ် သတင်းပေးသူ တယောက်က အမေရိကန်သံရုံးကို ပြောခဲ့တယ်လို့ နယူးယောက် တိုင်းမ် သတင်းစာက ပြောပါတယ်။
တရုတ်အစိုးရ ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တဖွဲ့က အမေရိကန် အစိုးရနဲ့ အနောက်နိုင်ငံ အစိုးရ ကွန်ပျူတာတွေ၊ ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) နဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းတွေထဲက ကွန်ပျူတာတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကြေးနန်စာကို ကိုးကားပြီး နယူးယောက် တိုင်းမ်က ရေးသားပါတယ်။
တခြား ကြေးနန်းစာတွေမှာတော့ အာရပ် ခေါင်းဆောင်တွေက အီရန်ကို လေကြောင်းက တိုက်ခိုက်ဖို့ ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးမှာ တိုက်တွန်းခဲ့တာကို ပြသသလို ကုလသမဂ္ဂရဲ့ ခေါင်းဆောင်မှု အပေါ်မှာ သူလျှိုလုပ်ဖို့ အမေရိကန် တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တာကိုလည်း ပြသနေတယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာက ဆိုပါတယ်။