သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒုက္ခသည် တသောင်း ကန် လက်ခံမည်


အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest

ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အနည်းဆုံး ၁ သောင်းလောက်ကို လာမယ့်နှစ်အတွင်းမှာ လက်ခံသွားမှာဖြစ်သလို၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်း တိုးမြှင့်ပေးအပ် သွားမှာဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ရှေ့လကစပြီး ဆီးရီးယားဒုက္ခသည်တွေကို နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်ချက်တွေကိုလည်း လုပ်ဆောင်ကြဖို့ တာဝန်ရှိသူတွေကို သမ္မတ ဘရက်ခ် အိုဘားမားက ညွှန်ကြားခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ပြောဆိုခဲ့ ပါတယ်။ နှစ်စဉ် ကမ္ဘာတဝှမ်းက ဒုက္ခသည် ၇ သောင်းလောက်ကို အမေရိကန်ပြည်ထောင်စုက လက်ခံနေတာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မခံရစေဖို့ - အသစ်ရောက်လာမယ့်သူတွေကို ကိုယ်ရေးရာဇဝင် နောက်ကြောင်း စစ်ဆေးမှုတွေကိုတော့ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမယ်လို့လည်း မစ္စတာEarnest က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ James Clapper ကလည်း - အခုလို အရှေ့အလယ်ပိုင်း ဒေသက ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေ တခြားနိုင်ငံတွေကို ထွက်ပြေးနေကြတဲ့အထဲမှာ - IS စစ်သွေးကြွတွေ ရောပါလာပြီး စိမ့်ဝင်ထိုးဖောက်မှာကို စိုးရိမ်တဲ့အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ပြောကြား ထားပါတယ်။

ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေအနေနဲ့ ဥရောပတလွှားကို အလုံးအရင်းနဲ့ ဝင်ရောက်နေချိန်မှာ - အိမ်ဖြူတော်ရဲ့ ဒီကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG