သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ စစ်ရေးတိုးမြှင့်ဆက်ဆံဖို့ အမေရိကန်စဉ်းစား


အမေရိကန်ဒု နိုင်ငံခြားရေးဝန်ကြီး William J. Burns
အမေရိကန်ဒု နိုင်ငံခြားရေးဝန်ကြီး William J. Burns
ပြုပြင်ပြောင်းလဲရေးတွေ ဆက်ပြီးတော့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက စစ်ဖက်ဆက်ဆံရေးပါ တိုးမြှင့်ဖို့ အတွက် စဉ်းစားနေတယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ် William Burnsက အောက်တိုဘာလ ၁၅ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာရှဒေသ ငါးနိုင်ငံ ခရီးထွက်လာတဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ်နဲ့အဖွဲ့ဟာ တနင်္လာနေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရောက်နေတုန်း သတင်းထောက်တွေက အမေရိကန်-မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ စစ်ဖက်ဆက်ဆံရေးအတွက်ပါ တိုးမြှင့်ဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အခုထိဆက်ပြီးတော့ လုပ်ဆောင်နေတာကို အမေရိကန်နိုင်ငံဘက်က ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနေကြောင်းနဲ့ ဒီထဲမှာ စစ်တပ်ခြင်း ဆက်ဆံမှုပါတာမို့ စစ်ရေးဆက်ဆံမှုအပိုင်းတွေပါ လုပ်ဖို့ စဉ်းစားနေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဆက်ပြီး ပံ့ပိုးပေးနေတာနဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲမှုတွေ ဖြစ်လာပြီဆိုရင် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေလုပ်ပြီး အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာ စစ်ပညာသင်တန်းတွေမှာ မြန်မာစစ်ဘက်က တက်ရောက်သင်ကြားခွင့်တွေပေးဖို့အထိ စဉ်းစားသလားဆိုတဲ့ အမေးကို ဖြေကြားခဲ့တာပါ။

ဒ့ါအပြင် မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေအလိုက် တူညီတဲ့တုန့်ပြန်မှုတွေ လုပ်နေရာမှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်သွင်းမှုကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ စတင်လုပ်ဆောင်နေပြီဖြစ်သလို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေ မြန်မာနိုင်ငံမှာ ဝင်ရောက်ဆောင်ရွက်ဖို့ ခွင့်ပြုတာနဲ့ အမေရိကန်ရဲ့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားမှုအတွက် သိသိသာသာဖြေလျှော့ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေ အခုထိ ရှိနေသေးတာမို့ ဒါတွေရပ်စဲအောင်လုပ်ဖို့နဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားဖို့ အရေးကြီးကြောင်းပြောကြားခဲ့သလို ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ပြန်ပြီးလွှတ်ပေးတာမျိုး ပြုပြင်ပြောင်းလဲဖို့ လိုနေတာတွေအတွက် ဆက်လက် လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို မလာခင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ထပ်ပြီးလွှတ်ပေးခဲ့တာကို တွေ့ရတဲ့အတွက် ဒါကို အားပေးပေမယ့် ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်ပြီးလွှတ်ပေးဖို့ လိုအပ်ပါတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အမေရိကန်အရပ်ဖက်နဲ့စစ်ဖက်အရာရှိ သုံးဆယ်ကျော် လိုက်ပါလာပြီး ဒီအထဲမှာ အရှေ့အာရှနဲ့ပစိဖိတ်ဒေသ အမေရိကန်စစ်ဌာနချုပ်ရဲ့ ကြည်းတပ်တပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး Lt Gen Francis Wiercinski လည်း ပါဝင်ပါတယ်။

သူတို့အဖွဲ့ဟာ ဂျပန်ကနေ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိပြီး အောက်တိုဘာလ ၁၈ရက်နေ့မှာတော့ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အစိုးရတာဝန်ရှိသူတွေကိုရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံမှာဖြစ်သလို မြန်မာနိုင်ငံက အပြန်မှာတော့ အိန္ဒိယနိုင်ငံကို ခရီးဆက်ဖို့ရှိပါတယ်။
XS
SM
MD
LG