သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသူပုန်များအတွက် အမေရိကန် အကူအညီတိုး


Syria နိုင်ငံမှာ သမ္မတ Bashar al-Assad ကို ဖြုတ်ချဖို့ တိုက်ခိုက်နေကြတဲ့ ဆီးရီးယားသူပုန်တွေကို အမေရိကန် ပြည်ထောင်စုက ပိုပြီးထောက်ပံ့ ကူညီသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောကြားသွားပါတယ်။

မစ္စက်ကလင်တန်က အသေးစိတ်တော့ ပြောမသွားပေမယ့် အမေရိကန်ပြည်ထောင်စုဟာ ဆေးဝါးလို၊ ဆက်သွယ်ရေး အထောက်အပံ့လို လက်နက်ခဲယမ်းမဟုတ်တဲ့ အကူအညီတွေ ပေးအပ်နေတယ်လို့ Mrs. Clinton က အင်္ဂါနေ့ကပဲ ပြောသွားပါတယ်။

သမ္မတ Assad အစိုးရအပေါ် ပြင်းပြင်းထန်ထန် အရေးယူနိုင်မယ့် ဆုံးဖြတ်ချက် (၃) ချက်ကို ရုရှားနဲ့ တရုတ် အစိုးရက veto အာဏာသုံးပယ်ချခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပြင်ကနေပြီး အမေရိကန်အစိုးရက လုပ်ကိုင်နေတယ်လို့ မစ္စက်ကလင်တန်က ဆိုပါတယ်။

ဆီးရီးယား အတိုက်အခံတွေဟာ နယ်မြေတွေကို ပိုပြီး ထိန်းချုပ်လာနိုင်ပြီး တဖြည်းဖြည်းနဲ့ အဲဒီဒေသတွေမှာ အခြေစိုက်ကာ စစ်ဆင်ရေးတွေ ပိုပြီး လုပ်ဆောင်လာနိုင်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဆီရီယားနိုင်ငံသား အားလုံးရဲ့ အခွင့်အရေးကို အကာအကွယ်ပေးပြီး ဓာတုနဲ့ ဇီဝလက်နက်တွေကို လုံလုံခြုံခြုံ ထိန်းသိမ်းနိုင်မယ့် ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ အတိုက်အခံတွေ အဆင်သင့် ဖြစ်နေသင့်တယ်လို့လည်း မစ္စက် ကလင်တန်က ပြောပါတယ်။

အစိုးရတပ်တွေဟာ ဒမတ်စကဒ်မြို့ နေရာအတော်များများကို အင်္ဂါနေ့က ဝင်ရောက်စီနင်း ခဲ့ပြီး နိုင်ငံ့တောင်ပိုင်းက ဟာရက်မြို့ အပါအဝင် အခြားဒေသတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီယား အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။ အနည်းဆုံး ကလေး ၆ ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။
XS
SM
MD
LG