သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှုန်းရေး အိုဘားမား အဖို့ အခက်ခဲဆုံး စိန်ခေါ်မှု


အမေရိကန်သမ္မတ အိုဘားမားရဲ့ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)
အမေရိကန်သမ္မတ အိုဘားမားရဲ့ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၅)

အမေရိကန် သမ္မတ Barack Obama က သူ့ရဲ့ ၂၀၁၆ ခုနှစ် လုပ်ငန်းစဉ်တွေ အောင်မြင်ရေး အတွက် အစွမ်းကုန် လုပ်ဆောင် သွားမှာဖြစ်ပြီး မှေးမှိန်ကျန်ရစ်ခဲ့တာမျိုး မရှိပဲ အကုန်လုပ်ဆောင်မယ်လို့ ကတိပြုရင်း သူ့ရဲ့ သမ္မတ သက်တမ်းနောက်ဆုံးနှစ်အတွက် လုပ်ဆောင်မယ့် အခြေခံ လုပ်ငန်းစဉ် တွေကို ချပြခဲ့ပါတယ်။

နှစ်ကုန်ချိန်မှာ ပြုလုပ်တဲ့ အကြောင်းအရာအများအပြားပါဝင်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သမ္မတ အိုဘားမားက သူ့အစိုးရအဖွဲ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ အီရန်နဲ့ ကျူးဘားနိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေး၊ ကမ္ဘာ့ရာသီဥတုဆိုင်ရာနဲ့ အာရှပစိဖိတ်ဒေသ ကုန်သွယ်ရေး သဘောတူညီချက်တွေ၊ လိင်တူထိမ်းမြားခွင့် ဥပဒေကို နိုင်ငံတော်တရားရုံးက အတည်ပြုပေးတာနဲ့ ဘယ်ကလေး မှ နောက်ကျ မကျန်ရစ်ဖို့ ပြဌာန်း ထားတဲ့ပညာရေးဆိုင်ရာ ဥပဒေကို လွှတ်တော်က ပြန်လည်ပြင်ဆင်ရေးဆွဲစေ တာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း စိန်ခေါ်မှု အများအပြား ကျန်နေဆဲဖြစ်ပြီး အဓိကတခုက အိုင်အက်စ် အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေတာနဲ့ မကြာသေးခင်က ကယ်လီဖိုးနီးယားပြည်နယ် စန် ဘာနာဒီနိုမှာ ဖြစ်ပွါးတဲ့ လူအများအပြား သေဆုံး ရတဲ့ ဖြစ်ရပ်လို အဖွဲ့အစည်းနဲ့ မဟုတ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမျိုး လုပ်လာနိုင်တာတွေ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

အိုင်အက်စ် အစွန်းရောက်အဖွဲ့ကို နှိမ်နင်းဖို့ သူ့အစိုးရအဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲလုပ်ဆောင်နေပေမယ့် အမေရိကန် ပြည်ထောင်စုအနေနဲ့ သတိကြီးကြီး ထားဖို့ လိုအပ်ဆဲပဲလို့ သမ္မတအိုဘားမားက အလေးထား ပြောကြားခဲ့တာပါ။

အိုင်အက်စ်တွေ အဓိက အခြေစိုက်ရာ ဆီးရီးယားနဲ့ အီရတ်မှာ သူတို့ကို ဖိနှိပ် ချိုးနှိမ်နေတာဟာ ဒီအကြမ်းဖက်မှုနဲ့ ဝါဒဖြန့်မှု တွေ ကျန်ကမ္ဘာ့နေရာတွေဆီ သူတို့ ဖြန့်ဖြူးနိုင်ရေးအတွက် အခက်တွေ့လာစေမှာ ဖြစ်တယ်လို့လည်း သောကြာနေ့ သမ္မတ အိမ်ဖြူမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံတွင်း မှာပါ သတိကြီးကြီးထားကြဖို့ လိုအပ်တယ် လို့ ဆိုပါတယ်။ ပြည်သူအားလုံးဟာ ကိုယ်လုပ်ရမယ့် အပိုင်းဖြစ်တဲ့ သတိနဲ့နေဖို့ အတွက် လုပ်ဆောင်နိုင်ကြပြီး သံသယဖြစ်စရာ တစုံတရာတွေ့ရင် ပြော ရမှာ ဖြစ်သလို၊ အကြမ်းဖက်လုပ်ရပ်ကို လက်မခံပဲ အမေရိကန်မိသားစု တစုအနေနဲ့ ညီညီညွတ်ညွတ် နေထိုင်ကြဖို့လည်း ပြောပါတယ်။

၂၀၁၅ ခုနှစ်အတွင်း သူ့အစိုးရရဲ့ အောင်မြင်မှု အများအပြားကိုလည်း သမ္မတ က ပြောကြားခဲ့ပြီး ဒီအထဲမှာ အလုပ်လက်မဲ့နှုံး ကျဆင်းအောင် လုပ်နိုင်တာ၊ ပညာရေး ဆိုင်ရာ ဥပဒေသစ်တွေ ချမှတ် နိုင်တာ၊ ရာသီဥတု ပြောင်းလဲ မှု လျော့ပါးအောင် လမ်းဖွင့်ပေးနိုင်တာနဲ့ ပစိဖိတ်တဖက်တချက်က နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ ကုန်သွယ်မှု ထူထောင်နိုင်တာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်သူ ၆ သန်းနီးပါးအတွက် ကျန်းမာရေး အာမခံရအောင် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေသစ်ပြဌာန်းဖို့ လည်း သူ လက်မှတ်ရေးထိုးပေး ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG